ဧရာဝတီတိုင်းမ်

ဩဂုတ် ၉

မိုးအဆက်မပြတ်ရွာသွန်းကာ ရေကြီးရေလျှံမှုများကြောင့် မွန်ပြည်နယ်၊ ပဲခူးတိုင်းအပါအဝင် ဒေသအများအပြားရှိ စိုက်ပျိုးထားသော မိုးစပါးစိုက် ဧကသိန်းနှင့်ချီရေနစ်မြှပ်နေကြောင်း သတင်းရရှိသည်။

မွန်ပြည်နယ် ဘီးလင်းမြို့၊ သထုံမြို့၊ ပဲခူးတိုင်းအနောက်ခြမ်း ဘုရားကြီး၊ ကဝ၊ သနပ်ပင်အပါအဝင် ရန်ကုန်တိုင်းရှိ ခရမ်းမြို့နယ်တို့မှ စပါးခင်းများရေနစ်မြှပ်နေပြီး ဧကသိန်းနှင့်ချီပျက်စီးသွားပြီဖြစ်ကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။

ဘီးလင်းမြို့နယ်ထဲတွင် ဇူလိုင် ၂၆ ရက်နေ့မှစတင်ကာ ယနေ့ချိန်ထိရေကြီးနေပြီး စပါးခင်းများ ရေတစ်ခါနစ်မြှပ်ပြီး ရေပြန်ကျချိန်တွင် ပြန်ပေါ်လာပြီးနောက် ထပ်မံရေနစ်မြှပ်သွားသဖြင့် စပါးခင်းများအားလုံး သေဆုံးသွားပြီဖြစ်ကြောင်း ဘီးလင်းမြို့နယ်အတွင်းရှိ လဘ်သမားတစ်ဦးက ပြောသည်။

” ဘီးလင်းမြို့နယ်ထဲ ပင်လယ်နဲ့နီးစပ်တဲ့ အခြမ်းအကုန်မြုပ်တာပဲ။ စပါးတွေမြှပ်တယ်။ စပါးတွေလယ်တွေမြှပ်ကုန်လို့ ပြန်ပြီးတော့ကျဲမယ်ဆိုပြီးတော့ အစို့ဖောက်ထားတာ။ ကျွန်တောာ်တို့ရွာမှာပဲ ဧကလေးသောင်းလောက်ရှိတယ် ။ ရွာပေါင်းအများကြီးဆိုတော့။ လယ်သမားတွေအကုန်ဆုံးရှုံးကုန်တာပဲ” ဟု ၎င်းက ဆိုသည်။

ယခုလကုန်အထိ ရေကျဆင်းမှုမရှိဘဲ ဆက်လက်ရေနစ်မြုပ်နေပါက မိုးစပါးထပ်မံစိုက်ပျိုးရန်မဖြစ်နိုင်တော့ပဲ နွေစပါး ကျဲနိုင်မည်ဖြစ်သော်လည်း ကုန်ကျစရိတ်များကြောင်း လယ်သမားများကဆိုသည်။

” မိုးရာသီစပါးက လယ်ဧက ၅၀အောက်ကိုသိန်းတစ်ရာမြတ်မယ်ဆိုရင် မယင်းစပါးကိုအဲဒီဧက ၅၀ စိုက်ရင် သိန်း ၅၀ ပဲရှိတော့တယ်။ ဆန်ဈေးကြီးမယ်။ လမ်းက တအားကြီးရုပ်ပျက်ဆင်းပျက်ဖြစ်နေတာ ဆိုင်ကယ်လည်းမသွားရဲ၊ Hight ject တောင်သွားမရဘူး။ ဒုက္ခအကြီး အကျယ်ရောက်မယ်လို့ထင်တာပဲ တော်တော်လေးအခက်အခဲဖြစ်နေပြီ ” ဟု ဘီလင်းမြို့ခံတစ်ဦးက ပြောသည်။

စစ်တောင်းမြစ်၊ ဘီးလင်းမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်ရေတို့သည် စိုးရိမ်ရေမှတ်ထက် တစ် ပေမှ လေးပေထိကျော်လွန်ရောက်ရှိနေကာ လာမည့်ရက်အတွင်း တစ် ပေခန့်ဆက်လက်မြင့်တက်လာမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် မဒေါက်၊ ဘားအံ့၊ မြဝတီ၊ ဘီလင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ အထူးသတိပြုနေထိုင်ကြရန် ယင်းဌာနက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ဘီးလင်းဒေသခံတစ်ဦး

#ရေကြီး #စပါးခင်းပျက်စီး #ဧကသိန်းချီ

#Ayeyarwaddy_Times