
ဧရာ၀တီတိုင်းမ်
ဩဂုတ်လ ၉ ရက်
NLD အစိုးရလက်ထက်တွင် ဒုတိယသမ္မတတာဝန်ထမ်းဆောင်ခဲ့သည့် ဦးဟင်နရီဗန်ထီးယူကို စစ်အုပ်စုကိုပူးပေါင်းသည်ဟုဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ပါတီဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း ယနေ့ ဩဂုတ်လ ၉ ရက်နေ့ ရက်စွဲဖြင့် ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်သည်။
ဦးဟင်နရီဗန်ထီးယူသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ခုနှစ် အထိ လွှတ်တော်သက်တမ်းအတွင်း NLD ပါတီမှ ယုံကြည်စွာတာဝန်ပေးထားခဲ့သည့် ဒုသမ္မတဖြစ်ခဲ့သော်လည်း ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့တွင် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိခဲ့၍ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း NLD ဗဟိုအလုပ်ကော်မတီက ဆိုထားသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်နေ့က နေပြည်တော်တွင် အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေး (ကာ/လုံ) ပြုလုပ်ပြီး အရေးပေါ်ကာလသက်တမ်းကို နောက်ထပ် ခြောက်လ ထပ်တိုးယူခဲ့သည်။
အဆိုပါ ကာ/လုံ အစည်းအဝေးတွင် NLD အစိုးရလက်ထက် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ယာယီသမ္မတ ဦးမြင့်ဆွေ ၊ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့နှင့် အတူ တက်ရောက်ခဲ့သည်။
NLD ပါတီသည် ဩဂုတ်လ ၈ ရက်နေ့တွင် ဒုတိယဗဟိုကော်မတီ ကြားကာလအရေးပေါ် အစည်း အဝေး ခေါ်ယူ၍ အဆိုပါ အစည်းအဝေးသို့ ဦးဟင်နရီ ဗန်ထီးယူ တက်ရောက်ခဲ့သည့် အပေါ်ဆွေးနွေးခဲ့ပြီး ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုထားသည်။
NLD အစိုးရလက်ထက်တွင် ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးဟင်နရီဗန်ထီးယူသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အာဏာ သိမ်းယူခဲ့သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ နောက်ပိုင်းမှစတင်ကာ လူမြင်ကွင်းမှ ပျောက်ကွယ်ခဲ့သည်။
ဦးဟင်နရီဗန်ထီးယူသည် ကျန်းမာရေးအကြောင်းပြချက်ဖြင့် စစ်ကောင်စီက ခေါ်ယူသည့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး (ကာ/လုံ)သို တက်ရောက်ခြင်း မရှိသော်လည်း ဇူလိုင်လနောက်ဆုံးပတ်က ခေါ်ယူသည့် ကာ/လုံ အစည်းအဝေးကိုမူ တက်ရောက်ခဲ့ရသည်။
ဦးဟင်နရီဗန်ထီးယူသည် ပြည်သူလူထုကိုအကြမ်းဖက်၊ နှိပ်စက်၊ ဖမ်းဆီး၊ သတ်ဖြတ် လျက်စစ်ရာဇဝတ်မှုပေါင်း မြောက်မြားစွာကို ကျူးလွန်နေသော အာဏာလုစစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ကြောင်း တွေ့ရှိရ၍ ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းဖြစ်ကြောင်း NLD ဗဟိုအလုပ်ကော်မတီက ဆိုထားသည်။
NLD အစိုးရလက်ထက်တွင် ဒုတိယသမ္မတတာဝန်ထမ်းဆောင်ခဲ့သည့် ဦးဟင်နရီဗန်ထီးယူသည် ချင်းလူမျိုးတစ်ဦးဖြစ်ပြီး ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ကာ စစ်တပ်တွင် ဗိုလ်မှူးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ပုံစာ- ဦးဟင်နရီဗန်ထီးယူ(ဝဲ)ကိုစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြိးမင်းအောင်လှိုင်နှင့်အတူတွေ့ရစဉ် (ပုံဟောင်း)