ဧရာဝတီတိုင်းမ်
ညောင်တုန်း၊ သြဂုတ် ၈ ရက်
ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့မှ လုံခြုံရေး တင်းကျပ်ထားသော်လည်း တစ်ပတ်ကျော်အတွင်း နေအိမ်ဖောက်ထွင်း ပစ္စည်းခိုးမှုအကြိမ်(၃၀)ထက်မနည်းဖြစ်ပွားခဲ့ကာ ပြစ်မှုကျုးလွန် သူများကို ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိသေးကြောင်း သတင်းရရှိသည်။
ညောင်တုန်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့မှ လုံခြုံရေးတင်းကျပ်ထားသော်လည်း မြို့တွင်းရှိအမှတ် (၆)ရပ်ကွက်၊အမှတ် (၈)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ပန်းဧရာရပ်ကွက်အပါအဝင် တာကွေ့၊ ဆားမလောက်၊စက္ကော့စသည့်ကျေးရွာတို့၌ ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်မှ ယခု သြဂုတ်လ ၇ ရက်နေ့အထိ ကိုး ရက် တာအတွင်းနေအိမ်ဖောက်ထွင်းခံရမှု၊ပစ္စည်းခိုးယူမှုနှင့်ဆိုင်ကယ်ခိုးယူမှု စသည်ဖြင့်အကြိမ်(၃၀)ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
” မြို့အတွင်းအပြင်ကို ကင်းလှည့်တယ် ။ လုံခြုံရေးတင်းကျပ်တယ်ဆိုပေမယ့် အိမ်ဖောက်ထွင်းခံရတာနဲ့
ခိုးမှုတွေကဆက်ဖြစ်နေတာပါပဲ။ဘာမှမထူးဘူး”ဟု ညောင်တုန်းမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ကပြောသည်။
အဆိုပါ ခိုးမှုနှင့် ဖောက်ထွင်းမှုများအတွက် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် အမှုဖွင့်လှစ်ရာ၌လည်း ငွေကြေးတောင်းခံမှုများရှိနေကြောင်းဒေသခံများထံကသိရသည်။
” အမှုဖွင့်ဖို့အတွက်ဆိုရင် ငွေကျပ်ငါးသောင်း လောက်ပေးမှပဲအမှုဖွင့်ပေးတာ။ သူခိုးတွေဆိုတာကလည်း သူတို့လူတွေပဲဖြစ်ဖို့များမယ်” ဟု အမှတ် ၈ ရပ်ကွက်မှ ဒေသခံတစ်ဦးကဆိုသည်။
ညောင်တုန်းမြို့နယ်တွင် ပြီးခဲ့သည့်ဇူလိုင်လ ၁၀ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ် အင်အားပြန်လည်ဖြည့်တင်းမှုအပြင် ရေကြောင်းနှင့် ကုန်းကြောင်းများမှလည်း လှည့်ကင်းများ လုပ်ဆောင်နေသည့်အပြင် စစ်မှုထမ်းဟောင်း ပင်စင်စားအချို့ကိုလည်း ပြန်လည်ခေါ်ယူကာ ပျူစောထီးပုံစံဖြင့် လုံခြုံရေးကင်းစောင့်ခိုင်းမှုများရှိနေသည်။