ဧရာဝတီတိုင်းမ်

ဩဂုတ် ၈ ရက်

စားသောက်ဆိုင် လုပ်ငန်းများအပါအဝင် လုပ်ငန်းငါးခုမှ လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများထံမှ ကုန်သွယ်လုပ်ငန်း အခွန်ကောက်ခံပေးရန်အပါအဝင် အခွန်ပြေစာကို စားသုံးသူမှ တောင်းခံရန်နှင့် အခွန်တံဆိပ်ခေါင်း မကပ်ကြောင်းသတင်းပေးသူကို ဆု‌ကြေးငွေချီးမြှင့်မည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ပြည်တွင်းအခွန်များ ဦးစီးဌာန က ယနေ့ ဩဂုတ် ၈ ရက်နေ့တွင် ထုတ်ပြန်သည်။

ပြည်သူများသည် စစ်တပ်၏ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြသည့်အနေဖြင့် စစ်ကောင်စီ ဝင်ငွေရစေမည့် ထီမထိုး ခြင်းအပါအဝင် အခွန်အခများ မပေးဆောင်ခြင်းများ ပြုလုပ်နေ၍ အခွန်ရငွေထိခိုက်နေသော စစ်ကောင်စီက ကုန်သွယ်လုပ်ငန်းအခွန်ဒဏ်ငွေမှ ရာခိုင်နှုန်းအချိုးစားလိုက် စားသုံးသူများကိုပေးမည်ဟု မက်လုံးပေးကာ အခွန်ပေးဆောင်ရန် ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်သည်။

လက်ရှိတွင် စားသောက်ဆိုင်အများစုက ပြေစာပေးခြင်းမရှိသလို အခွန်မပေးဆောင်ရန် ငြင်းဆန်ပိုင်ခွင့်ရှိပြီး အချို့စားသောက်ဆိုင်များက ပြေစာရယူလိုပါက အခွန်ပေးဆောင် ရမည်ဟု‌ပြောကြားကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။

“အာဏာသိမ်းပြီးကတည်းက အခွန်မပေးကြတော့ဘူး။ commercial tax ၅ ရာခိုင်နှုန်း ဆိုတာလေ။ တချို့ဝင်ငွေခွန်လည်း မဆောင်ကြတော့ဘူး။ အပြင်သွားလို့ စားသောက် ဆိုင်တွေ ကော်ဖီဆိုင်တွေထိုင်ရင် အခွန်မပေးရတဲ့ဆိုင်ပဲထိုင်တယ်။ တော်တော်များများလည်း ပြေစာမှာဆိုင်နာမည်လည်းမပါဘူး။ အခွန်လည်းမကောက်ဘူး။ ကျသင့်ငွေပဲ ပေးရတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။

ထို့ပြင် Shopping Center များရှိစားသောက်ဆိုင်များတွင် ကုန်သွယ်လုပ်ငန်းခွန် တံဆိပ် ခေါင်းဖိုးတောင်းခံမှု အများဆုံးဖြစ်ပြီးပြေစာပေးရာတွင် အခွန်တံဆိပ်ခေါင်းကပ်ပေး ခြင်းမရှိဘဲ ဘောင်ချာယူမည်ဆိုမှ ကပ်ပေးလိုက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့နေဒေသခံတစ်ဦး က ပြောကြားသည်။

“ ဆိုင်တွေကလည်းအရင်ကလိုအချိုးမျိုးလုပ်တယ်။ အခွန်ဖိုးတော့ကောက်လိုက်တယ်။ ဘောင်ချာမှာတံဆိပ်ခေါင်း မကပ်ပေးဘူး။ ဘောင်ချာယူမယ်ဆိုမှ တံဆိပ်ခေါင်းပြန်ကပ် ပေးတယ်။ ဝယ်သူတွေက မတောင်းဘဲထားထားရင် သူတို့လည်းအခွန်ဆောင်ချင်မှ ဆောင်မှာ။ အမှန်တော့မပေးချင်ဘူး။ စစ်ကောင်စီဆီရောက်မှာဆိုတော့ ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

စားသောက်ဆိုင်အလုပ်ငန်းအပါအဝင် လုပ်ငန်းငါးမျိုးတွင် ဟိုတယ်နှင့်တည်းခိုခန်း လုပ်ငန်း၊ ရုပ်သံလွှင့်မီဒီယာလုပ်ငန်း၊ ရွှေထည်လက်ဝတ်ရတနာရောင်းချသည့် လုပ်ငန်း များ၊ လက်ကိုင်ဖုန်း နှင့် ဆက်စပ်ပစ္စည်းများရောင်းချ၊ ဝန်ဆောင်မှုဆောင်ရွက်သည့် လုပ်ငန်းများပါဝင်ကြောင်းသိရသည်။

ယင်းလုပ်ငန်းများထဲမှ ဟိုတယ်လုပ်ငန်းနှင့် လက်ကိုင်ဖုန်းရောင်းချသည့် လုပ်ငန်းများမှ အခွန်ပေးခြင်းရှိပြီး ကျန်လုပ်ငန်းများထံမှ အခွန်ငွေရရှိမှုမရှိကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနထံမှ သိရသည်။

ပြေစာ (သို့မဟုတ်) ငွေလက်ခံရရှိကြောင်း မှတ်တမ်းတွင် အခွန်တံဆိပ်ခေါင်းကပ်နှိပ်ရန် ပျက်ကွက်ခြင်းတို့အတွက် စာရွက်အထောက်အထားနှင့် အသံဖိုင်တင်ပြသတင်းပေးသူ ကို တပ်ရိုက်သည့်ဒဏ်ကြေးငွေများ၏ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ဆုကြေးငွေ အဖြစ်ချီးမြှင့်မည်ဖြစ်ဟု စစ်ကောင်စီလက်အောက်ခံ ပြည်တွင်းအခွန်များဦးစီးဌာနက ကြေညာသည်။

စစ်ကောင်စီအတွက် ပြည်သူများကို ညှင်းပန်း နှိပ်စက် သတ်ဖြတ်မည့် ကျည်ဆံဖိုး၊ လက်နက်ဖိုးများ ဖြစ်မလာစေရန်အတွက် စစ်ကောင်စီအတွက် ဝင်ငွေရရှိစေမည့် အခွန်မှန်သမျှကို ပေးဆောင်ခြင်းမပြုကြရန် တော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်းထားသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်

#စားသောက်ဆိုင်လုပ်ငန်း #ကုန်သွယ်ခွန်၅ရာခိုင်နှုန်း #ပေးဆောင်ရန် စစ်ကောင်စီတိုက်တွန်း #ဆုချီးမြှင့်မည်ဟုစစ်ကောင်စီဆို #Ayeyarwaddy_Times