ဧရာဝတီတိုင်းမ်
သြဂုတ်လ ၉ ရက်
ကမ္ဘောဒီးယားဘုရင် နိုရိုဒွန်ဆီဟာမိုနီဟာ မနေ့က တိုင်းပြည်ရဲ့ဝန်ကြီးချုပ်သစ်အဖြစ် ဟွမ်မာနက်ကို ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။
“ကျွန်တော် ဝန်ကြီးချုပ်အဖြစ်ကနေ နှုတ်ထွက်ဖို့ဆုံးဖြတ်ပြီးနောက် ကမ္ဘောဒီးယားဘုရင်က တိုင်းပြည် ကိုဉီးဆောင်တဲ့ ဝန်ကြီးချုပ်သစ်ခန့်အပ်တဲ့ တော်ဝင်အမိန့်ပြန်တမ်းတစ်ခု ထုတ်ပြန်ခဲ့ပါတယ်” လို့ ဝန်ကြီးချုပ် ဟောင်း ဟွမ်ဆန်က တွစ်တာလူမှုကွန်ရက်မှာ ပြောပါတယ်။
အစိုးရအဖွဲ့ ဖွဲ့စည်းဖို့ခွင့်ပြုတဲ့ တော်ဝင်အမိန့်ပြန်တမ်းတစ်ခုမှတစ်ဆင့် ဟွမ်မာနက်ကို ကမ္ဘောဒီးယား ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
လွှတ်တော်အမတ်နေရာ ၁၂၅ နေရာရှိတဲ့ လွှတ်တော်မှာ အမတ်နေရာ ၁၂၁ နေရာ အနိုင်ရရှိခဲ့တဲ့ ကမ္ဘော ဒီးယားပြည်သူ့ပါတီ (CPP) ကို ဟွမ်ဆန်ရဲ့သားကြီးဖြစ်သူ ဟွမ်မာနက်က ရွေးကောက်ပွဲမဲဆွယ်ကာလမှာ ဉီး ဆောင်ခဲ့ပါတယ်။
ဟွမ်မာနက်ဟာ လက်ရှိမှာ တော်ဝင် ကမ္ဘောဒီးယားလက်နက်ကိုင်တပ်ဖွဲ့ရဲ့ ဒုတိယကာကွယ်ရေးဉီးစီး ချုပ်နဲ့ တော်ဝင်ကမ္ဘောဒီးယားစစ်တပ်ရဲ့တပ်မှူး ဖြစ်ပါတယ်။
သားဖြစ်သူ ဟွမ်မာနက်ကို ရာထူး လက်ဆင့်ကမ်းပေးဖို့ ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်မယ်လို့ အသက် ၇၀ နှစ်အရွယ် ဟွမ်ဆန်က ပြီးခဲ့တဲ့လအတွင်း ကြေညာခဲ့ပါတယ်။
သူက ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်မှာ အသက် ၃၂ နှစ်သာရှိသေးတာကြောင့် ကမ္ဘာပေါ်မှာ အသက်အ ငယ်ဆုံးနဲ့ သက်တမ်းအကြာဆုံး ဝန်ကြီးချုပ်ဖြစ်တယ်လို့ ဟွမ်ဆန်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။
ဇနီးဖြစ်သူရဲ့ ပံ့ပိုးကူညီမှုကိုလည်း ကျေးဇူးတင်ရှိပြီး ဝန်ကြီးချုပ်အဖြစ် ၃၈ နှစ်ကြာ တာဝန်ထမ်းဆောင် ပြီးနောက် နောက် ၁၅ ရက်အတွင်း ရာထူးမှနှုတ်ထွက်မယ်လို့ သူက ဆိုပါတယ်။
ကိုးကား – Anadolu
Ref; Cambodian king appoints outgoing premier’s son as new chief executive