ဧရာဝတီတိုင်းမ်
(အုတ်ဖို)၊ ဩဂုတ်လ ၈ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာက ထွက်ပြေးရှောင်တိမ်းနေသည့် အုပ်ချုပ်ရေးမှူး ဦးမျိုးဝင်း‌နေရာတွင် ကိုယ်စားယူပေးထား သည့် ရာအိမ်မှူး(ယာယီအုပ်ချုပ်ရေးမှူး)ဂျော့(စ်)ကို သာယာဝတီခရိုင်၊ တပ်ရင်း(၃၈၀၂)၊ တပ်ခွဲ-၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)က သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း အဆိုပါအဖွဲ့ထံက သိရသည်။
ယာယီအုပ်ချုပ်ရေးမှူးဂျော့(စ်)သည် ၎င်း၏နေအိမ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးသူ၏ အလောင်းကိုလာရောက်ယူဆောင်သည့် ရဲကားနှင့်စစ်ကားကို ထန်းပင်ကုန်းရွာနှင့် တိမ်မြုပ်ရွာကြားတွင် စောင့်ကြိုကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲကားအား မိုင်းတည့်တည့်ထိမှန်၍ ရဲတပ်သား နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အခုရှင်းလိုက်တဲ့ ရာအိမ်မှူးကလည်း အေးမြသာယာရဲစခန်းက နယ်ထိန်း ကျော်ကိုကို ဆိုတဲ့တစ်ယောက်နဲ့ပေါင်းပြီး လောင်းကစားဝိုင်းကဆက်ကြေးတွေ ရဲကိုပေးနေတာ။ နယ်ထိန်းကျော်ကိုကိုဆိုတာကလဲ CDMသူနာပြုဆရာမကို မုဒိန်းကျင့်ပြီးသတ်တဲ့ အဖွဲ့ထဲ ပါနေတယ်လို့သိရတယ်။ အရင်အုပ်ချုပ်ရေးမှူးမျိုးဝင်းကလဲ အရှင်းခံရမှာ ကြောက်လို့ တိမ်းရှောင်နေတာ။ အရင်ကဆို တပ်ကိုသူ့အိမ်မှာပါအစောင့်ခေါ်ထားတာ ကြောက်လို့” ဟု PDFတပ်ရင်း ၃၈၀၂၊ တပ်ရေးတာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရာအိမ်မှူး ဂျော့(စ်)သည် စစ်ကောင်စီအတွက် ဝင်ငွေရစေသည့် လောင်းကစားဝိုင်းများ၊ ချဲနှစ်လုံးဒိုင်များ၊ အရက်ဘီယာဆိုင်များကိုလိုက်လံ ဆက်ကြေးကောက်ခံကာ စစ်ကောင်စီကိုပေးခြင်း၊ PDF စခန်း နေရာများကို သတင်းပေးခြင်း၊ CDM သူနာပြုဆရာမ မမေဇွန်မိုး နှင့် PDF ရဲဘော်နှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ရာတွင် စစ်ကောင်စီတပ်သားများနှင့်အတူ အဓိကဦးဆောင်ခဲ့ခြင်းများကြောင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို) က ထုတ်ပြန်ထားသည်။
အုတ်ဖိုမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့ကလည်း ဝိုင်းကျေးရွာနေ ရဲတပ်သားသန်းဌေးဦးဆိုသူ၏ ယောက္ခထီးဖြစ်သူ စစ်ကောင်စီ သတင်းပေးဟုဆိုသူ ဦးစိုးမြင့်မှာ နေအိမ်အတွင်း၌ရှိနေစဉ် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။
ဓာတ်ပုံ – ပေးပို့