
ဧရာဝတီတိုင်းမ်
ကန်ကြီးထောင့် ၊ သြဂုတ်လ ၈ ရက်
ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်တွင် သြဂုတ်လ ၄ရက်နေ့ကစပြီး NLDပါတီဝင်များ ပြန်လည်နေထိုင်ခြင်း ရှိမရှိ စုံစမ်းရန် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များကို စစ်ကောင်စီက ဖိအားပေးခိုင်းစေနေကြောင်း ရပ်ကျေး အုပ်ချုပ်ရေး အဖွဲ့များနှင့် နီးစပ်သူများထံက သတင်းရရှိသည်။
စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများနှင့် NLD ပါတီဝင် အမာခံများ သည် ရှောင်တိမ်းရှောင်နေရာမှ ကန်ကြီးထောင့်မြို့ပေါ်ရှိ ရပ်ကွက် ၇ ခုတွင် ပြန်လည်ဝင်ရောက် နေထိုင်ခြင်း ရှိမရှိ နေ့စဥ်စုံစမ်းရန်နှင့် သတင်းပေးရန်အတွက် ပြီးခဲ့သည့်သြဂုတ်လ ၄ ရက်နေ့ကစတင်ကာ မြို့နယ်ထွေအုပ်အဖွဲ့မှ ဖိအားပေးစေခိုင်းလာကြောင်း အုပ်ချုပ်ရေးအဖွဲ့ဝင်များထံက သိရသည်။
” အာဏာသိမ်းတုန်းက ဆန္ဒပြလို့ ရှောင်နေတဲ့သူတွေNLD ပါတီဝင်အမာခံတွေပြန်ဝင်လာမလာစုံစမ်းရမယ်။ သတင်းပြန်ပို့ရမယ်။ မြို့နယ်ထွေအုပ်ကနေ ဖိအားပေးလာတာ။ အခုလိုအနေအထားနဲ့ ဘယ်သူမှလည်း ပြန်လာမှာမဟုတ်ဘူး။မြို့ထဲက ပါတီအမာခံဆိုတာကလည်း မျက်မှန်းတန်းသိတယ်။ တမင်တကာ အလုပ်အပိုခိုင်းခံနေရတာ” ဟု အမည်မဖော်လိုသည့် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်မ်းကို ပြောသည်။
ယင်းကဲ့သို့ စေခိုင်းမှုမှာလည်း NLD ပါတီနှင့် ပက်သက်ဆက်နွယ်သူများကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)ဖြင့် တရားစွဲဆိုရန်အတွက် တိုင်းရဲတပ်ဖွဲ့နှင့် တိုင်းစစ်ကောင်စီမှ ညွှန်ကြားထားခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။
” NLD ပါတီဝင် အမာခံတွေကို နာမည်စာရင်းပြန်ကောက်ပြီးတော့ ဖမ်းဆီးဖို့ တိုင်းရဲတပ်ဖွဲ့နဲ့ နတခ ကညွှန်ကြားလာတာ။ အကြမ်းဖက်ပုဒ်မနဲ့ တန်းပြီးတရားစွဲဖို့လည်းပြောထားတယ်။ အခုထိ တော့NLD ပါတီနဲ့ ဆက်နွယ်တဲ့ နာမည်စာရင်းမရသေးဘူး ” တိုင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်တပ်က အာဏာသိမ်းယူပြီးနောက် နှစ်နှစ်ခွဲကျော်အတွင်း ကန်ကြီးထောင့်မြို့နယ်တွင် NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် တစ်ဦးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး၏ နေအိမ်များ ချိတ်ပိတ်ခံရကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးဆန္ဒပြသည့်ဒေသခံ ၁၀၀ ဦးကျော်ထက်မနည်းကို စစ်ကောင်စီတပ်မှ ထောင်ဒဏ်နှစ်ရှည်ချမှတ်ထားသည်။