
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၈ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ၂၀၂၃ ခုနှစ်ကို “အဆုံးသတ်တိုက်ပွဲ၏ အဆုံးအဖြတ်နှစ်”အဖြစ် သတ်မှတ်ကြေညာထားချက်အပေါ် လက်တွေ့ကျကျ အလေး ထား၍တာဝန်ယူ၊ တာဝန်ခံမှုများနှင့်အတူ မဟာဗျူဟာ မြောက် ဆောင်ရွက်ပေးပါရန် နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်-SRIN အပါအဝင် အဖွဲ့အစည်းငါးဖွဲ့ဖြင့် စုဖွဲ့ထားသော ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့များက ယနေ့ ဩဂုတ်လ ၈ ရက်နေ့ ရှစ်လေးလုံး နှစ်ပတ်လည်နေ့တွင် တိုက်တွန်းတောင်းဆိုခဲ့သည်။
ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့များဖြစ်သည့် နွေဦးတော်လှန်ရေး ဘာသာ ပေါင်းစုံကွန်ရက်-SRIN ၊ နွေဦးတော်လှန်ရေး သံဃကွန်ရက်-SRSN ၊ သံဃသမဂ္ဂ (မန္တလေး) ၊ နွေဦးတော်လှန်ရေး မြန်မာမွတ်စလင်မ်ကွန်ရက်-SRMMN နှင့် မြန်မာမွတ်စ်လင်မ်တော်လှန်ရေးအင်အားစု-MMRF တို့က ယနေ့ ဩဂုတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် (၃၅)နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီ လူထုအရေးတော်ပုံကြီးအား ဂုဏ်ပြုသောအားဖြင့် အဆိုပါတောင်းဆိုချက်အပါအဝင် အချက် ခြောက်ချက်ကို ပူးတွဲ ထုတ်ပြန်ခဲ့သည်။
“အခုလိုမျိုးကြေညာတဲ့ ကြေညာချက်က ပြည်သူလူထုရဲ့ ဆန္ဒလည်းဖြစ်တယ်။ မျှော်လင့်ချက်လည်း ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲဒါကို မမေ့မလျော့ဘဲနဲ့ လက်တွေ့ ကျကျ ထိရောက်သော မဟာဗျူဟာမြောက် လုပ်ငန်းသစ်တွေ ချမှတ်ပြီးတော့ ဆောင်ရွက်ပေးဖို့ တိုက်တွန်းတာဖြစ်တယ်။ အဲဒါက ဘာကိုဆိုလိုနေသလဲဆိုရင် ပြည်သူ လူထုအနေနဲ့ NUG အပေါ်မှာ ပိုတိုးပြီးတော့ ယုံကြည်မျှော်လင့်ချက်တွေ ပိုခိုင်မာ ဖို့အတွက်လည်း ရည်ရွယ်တဲ့အနေနဲ့ဒါကို သတိပေးရခြင်းဖြစ်တယ်” ဟု ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ်အဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းကြည် (နိုင်/ကျဉ်း)က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါပူးတွဲထုတ်ပြန် ကြေညာချက်တွင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ တရားလက်လွတ် သေဒဏ်ကျခံနေရသူများအပါအဝင် နွေဦးတော်လှန်ရေး၏ ဗဟို ချက်မများဖြစ်ကြသော နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရေး အတွက် ပြည်တွင်းပြည်ပမှ စဉ်ဆက်မပြတ် တောင်းဆိုနေသည်များကို စစ်ကောင်စီက အမြန်ဆုံးလိုက်နာ ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။
ယခုကဲ့သို့ စတေးခံသက်သက်မဟုတ်သော ပြည်သူများနှင့် အရေးတော်ပုံ တပ်သား များ၏ ပေးဆပ်နေရမှုများအား အချည်းနှီးမဖြစ်စေဘဲ ကြားကာလအမျိုးသား ညီညွတ်ရေးအစိုးရ-NUG ၊ CRPH ၊ NUCC နှင့် NLD အပါ အဝင် လူမျိုးစု တော်လှန်ရေး အဖွဲ့အစည်းများ-EROs နှင့် အခြားသော မိတ်ဖက်တော်လှန်ရေး အင်အားစုများ အားလုံး ပိုမိုသွေးစည်းညီညွတ်စွာဖြင့် အရှိန်အဟုန်မြှင့် ဆက်လက်တိုက်ပွဲဝင်ကြရန်လည်း တိုက်တွန်း တောင်းဆိုထားသည်။
ထို့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအဝန်းအဝိုင်းမှ ပြည်သူ လူထု တခဲနက်ထောက်ခံသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကိုသာ အမြန်ဆုံး အသိအမှတ်ပြုပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ အကူ အညီများကိုသာမက ရုပ်ပိုင်းဆိုင်ရာ အကူအညီများနှင့်ပါအမြန်ဆုံး ပိုမိုပူးပေါင်းဆောင်ရွက်ပေးလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် စစ်အာဏာရှင်စနစ် အမြန်ဆုံးအမြစ်ဖြတ် ချုပ်ငြိမ်းရေးနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ဘက်ပေါင်းစုံမှ တော်လှန်တိုက်ပွဲဝင်နေကြသော စုံလင်ကွဲပြားသည့် လူမျိုးစုံ၊ ဘာသာစုံ အင်အား စုများကို အပြည့်အဝအားပေးထောက်ခံပြီး ၎င်းတို့၏ နိုင်ငံရေးဦးတည်ချက်များနှင့်အညီ ရှစ်လေးလုံး အရေးတော်ပုံစိတ်ဓာတ်ကို ကိုင်စွဲ၍ ဗျူဟာမြောက် အစွမ်းကုန် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့များက ထုတ်ပြန်ထားသည်။