ဧရာဝတီတိုင်းမ်
သြဂုတ်လ ၈ ရက်
စစ်ကိုင်းတိုင်း၊ကလေးမြို့ ကလေးအကျဥ်းထောင်အတွင်း အကျဥ်းကျခံ နေရသော Chin National Defense Force – CNDF တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ ရဲဘော် ဆလိုင်းဗန်ဗျက်ဟင်မ်း (Salai Van Biak Him) သည်ကလေးမြို့ ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေစဥ် သြဂုတ်လ ၆ ရက်နေ့ နံနက် ၁၀ နာရီခန့်က ကွယ်လွန် သွားကြောင်း ဒေသခံများထံက သတင်းရရှိသည်။
ဆလိုင်းဗန်ဗျက်ဟင်မ်း ခေါ် နီကောလဒ်သည် လွန်ခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် ကလေးအကျဥ်းထောင် ထောင်တွင်းပစ်ခတ်မှုတွင် ကျဆုံးခဲ့သော CNDF တပ်ဖွဲ့ဝင် ဗန်ဒိမ်းနှင့်အတူ ၂၀၂၁ခုနှစ် မေလ ၃၀ ရက်နေ့ ကလေးမြို့၌ စစ်ကောင်စီ၏ ဖမ်းဆီးမှုကိုခံခဲ့ရပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က အပါအဝင် အကြမ်းဖက်ပုဒ်မများဖြင့် မတရားထောင်ချခံထားရသူ ဖြစ်သည်။
“ကျွန်တော်နဲ့အတူ တိုက်ပိတ်ခံခဲ့ရတာ၊ ၁၅/၃ လို့ ထောင်မှာ ခေါ်တဲ့ ပစ်ခတ်မှုဖြစ်စဥ်မှာ သူက ကိုဗန်ဒိမ်းနဲ့ ပူးတွဲဖြစ်နေတော့ သူမပါပေမယ့် အလိုလိုနေရင်း အဲ့ဖြစ်စဥ်ကို ဦးဆောင်သူ ဒုတိယခေါင်းဆောင်ဆိုပြီး အပြင်းအထန်ကို ရိုက်နှက်ပြီးခြေချင်းနဲ့ ခုနှစ် လက်မလောက်ရှိတဲ့ ဒေါက်ပါတပ်ပြီး တိုက်ပိတ်ခံခဲ့ရတယ်။ သူက ကျန်းမာရေးချူချာတယ်။ အဆုတ်လည်းမကောင်းဘူး။ ဆေးရုံဆောင်မှာပဲ တောက်လျှောက် နေရတဲ့သူပါ ” ဟု ဆလိုင်းဗန်ဗျက်ဟင်မ်း နှင့် ကလေးထောင်တွင် အတူနေခဲ့ဖူးသူ နိုင်ငံရေးအကျဥ်းသားဟောင်းက ဧရာဝတီတိုင်မ်းကို ပြောသည်။
ရဲဘော်ဆလိုင်းဗန်ဗျက်ဟင်းမ် သည် ကျန်းမာရေးချူချာသော်လည်း စနစ်တကျ ဆေးကုသခွင့် မရခဲ့ပဲ ဆေးဝါးပြည့်စုံမှု မရှိသည့်အပြင် အခြေအနေဆိုးဝါးလွန်းမှသာ ထောင်ပြင်သို့ထုတ်၍ ဆေးဝါးကုသခွင့် ပြုခဲ့သဖြင့် ယခုကဲ့သို့ ကွယ်လွန်ခဲ့ရခြင်း ဖြစ်သည်ဟု နိုင်ငံရေးအကျဥ်းသားဟောင်းများက ပြောသည်။
“ဗိုက်နာလည်း ပါရာစီတမော့ နဲ့ ဘာမီတွန် ခေါင်းကိုက်လည်း ပါရာစီတမော့ နဲ့ ဘာမီတွန် သေမလိုဖြစ်လည်း အဲ့ဆေးပဲပေးတာဗျ။ ဆေးရုံဆောင်က ဆေးကုပေးတဲ့လူတွေ ဆိုတာလည်း ဆေးသမားတွေ ပဲ။ အကြောရှာတော်ရုံနဲ့ ထောင်ထဲမှာ ဆရာဝန်လုပ်နေကြတာ။ ကျန်းမာရေး ချူချာတဲ့သူအတွက်ကတော့ ထောင်ထဲမှာ အသက်ရှည်ဖို့က မလွယ်ပါဘူး။ ကျွန်တော် ထောင်ထဲနေခဲ့တဲ့ နှစ်နှစ်အတွင်းမှာပဲ ငါးယောက်လောက် သေခဲ့တယ် ” ဟု ကလေးထောင်မှ နိုင်ငံရေးအကျဥ်းသားဟောင်း တစ်ဦးကလည်း ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ CNDF တပ်သား ဆလိုင်းဗန်ဗျက်ဟင်းမ်၏ သေဆုံးမှုနှင့် ပတ်သက်၍ “သူ့မှာ နှလုံးရောဂါအခံလည်းရှိတယ်လို့ ကျွန်တော်တို့သိထားတယ်။ ဆေးရုံရောက်ပြီး နာရီဝက်နေတော့ဆုံးသွားပြီတဲ့။ လူမြင်ကောင်းအောင် ဆေးရုံပို့ပြတာပါ။ ထောင်ထဲမှာလည်း ဘာမှ ဆေးကုသခွင့် ရခဲ့မှာမဟုတ်ဘူး။ အခုလည်းအလောင်းကို သူ့ဇာတိချင်းပြည်နယ်၊ ဖလမ်းမြို့မှာ သဂြိုလ်ချင်ပေမယ့် ခွင့်မပြုလို့ ကလေးမြို့မှာပဲ ဒီနေ့သဂြိုလ်လိုက်ကြပါတယ်” ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်းက ပြောသည်။
လက်ရှိတွင် CNO/CNDF အဖွဲ့ဝင် ၁၄ ဦးသည် စစ်ကောင်စီ၏ ဖမ်းဆီးထောင်ချထားမှုကို ခံနေရပြီး ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်ထောင်တွင်းပစ်ခတ်မှုတွင် ကိုဗန်ဒိမ်း ကျဆုံးခဲ့ပြီး ယခုအခါ ဆလိုင်းဗန်ဗျက်ဟင်းမ် ထပ်မံသေဆုံးခဲ့ခြင်း ဖြစ်သည်။