
ဧရာဝတီတိုင်းမ်
(ပဲခူး)၊ ဩဂုတ်လ ၇ ရက်
စစ်ကောင်စီသည် ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်းဒေသတွင် ဇူလိုင်လ နောက်ဆုံး ပတ်ဝန်းကျင်မှစတင်၍ စစ်ကောင်စီတပ်အင်အား အများအပြား ဖြည့်တင်းနေပြီး တပ်ဖျောက်ထားကြောင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များနယ်မြေထိန်းချုပ်ထားနိုင်သည့် မုန်း-ဇရပ်ကြီး ကားလမ်းတစ် လျှောက်ကို လေကြောင်းအသုံးပြုကာ ပြန်လည်ထိန်းချုပ်ရန်နှင့် နေပြည်တော်ကို ကာကွယ်သည့်အနေဖြင့် အမြန်လမ်းတစ်လျှောက်ကို ကင်းပုန်းများ ချထားရန်ရည်ရွယ်ပြီး စစ်တောင်းမြစ်ဝှမ်းတစ်လျှောက် နှင့် မုန်း၊ ဖြူး၊ အုတ်ဖြတ် စသည့်ဒေသများတွင် စစ်ကောင်စီတပ်အင်အားအများအပြားချ၍ အင်အားဖြည့်တင်း နေခြင်းဖြစ်ကြောင်း သိရသည်။
“အခုက တပ်အင်အားတွေကိုဖြည့်တင်းနေတယ်လို့သိရပြီး မြေပြင်မှာလည်း ကားတွေနဲ့ ဝင်လာတာတွေရှိပေမဲ့ တပ်ဖျောက်ထားတဲ့ပုံစံဖြစ်နေတယ်။ ဘယ်မှာလှုပ်ရှားပြီး ဘယ်ရောက် နေတယ်ဆိုတာကိုမသိရဘူး။ အခုပြောင်းလာတဲ့ စစ်တိုင်းမှူးကလည်း စစ်ကိုင်းမှာသတ်ဖြတ်မှုတွေလုပ်ခဲ့တဲ့တိုင်းမှူးလို့သိရတယ်။ ဒီတိုင်းမှူးရောက်လာတော့ တိုက်ပွဲတွေပိုများလာမယ် ခန့်မှန်းရတယ်။ လောလောဆယ်တော့ တပ်အင်အားတွေ တော်တော်ပို့လာတယ်။ ချင်းဘက်ကတပ်တွေပါ ပို့လာတယ်ဆိုပြီးသိရတယ်။ တပ်သား တချို့ဆို မြန်မာစကားတောင်နားမလည်တဲ့သူတွေပါနေတယ်” ဟု မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခုအခါစစ်ကောင်စီသည် စစ်တိုင်းမှူးအပြောင်းအလဲများစွာကို ပြုလုပ်နေပြီး တောင်ငူ မြို့နယ်အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနေရာကို စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးကာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ဦးဆောင်ညွှန်ကြားခဲ့သည့် ဗိုလ်မှူးချုပ်ကြည်သိုက်ကို ပြောင်းလဲခဲ့ သည့်အတွက် ပဲခူးတိုင်းအတွင်း စစ်ရေးပိုမိုပြင်းထန်လာနိုင်ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဆိုထားသည်။
စစ်ကောင်စီတပ် အင်အားတိုးချထားသည့်နှင့်ပတ်သက်၍ “ပဲခူးဘက်က သိထားရသလောက်တော့ တပ်အင်အားကထပ်မဖြည့်နိုင်ဘူး။ မြေပြင်က နေလည်း စစ်ကြောင်း ထိုး၀င်ရောက်နိုင်တာ မရှိဘူး။ တိုက်ပွဲဖြစ် ပြီးရင်ပြန်ဆုတ်ဆိုတဲ့ အနေအထား၊ စခန်းချတပ်စွဲနိုင်တဲ့အခြေအနေမရှိဘူး။ စစ်ကူဆိုလည်း လေယာဉ်ပစ် ကူလောက်ပဲ လုပ်နိုင်တယ်။ ပဲခူးအခြေစိုက်တဲ့ တပ်တွေအတော်များများကို ကရင်နီဘက်ကို ပို့ထားတယ်” ဟု တပ်တွင်းသတင်းရစ်မြစ်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
တော်လှန်ရေးတပ်ဖွဲ့များသည် ပဲခူးတိုင်း စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်မှ လမ်းများ အားလုံးနေပြည်တော်သို့ ရည်မှန်းချက်ကို အကောင်ထည်ဖော် ဆောင်ရွက်နေပြီး စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းကို စိုးမိုးနိုင်ရန် ဆောင်ရွက် နေသည့်အတွက် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲများ မကြာခဏပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ နံဇရွာတွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄၀ ကျော်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – ပဲခူးတိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များပုံ
#စစ်တောင်းမြစ်ဝှမ်း #ပဲခူး #စစ်ကောင်စီတပ် #အင်အားဖြည့် #Ayeyarwaddy_Times