
ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဩဂုတ်လ ၇ ရက်
ချင်းပြည်နယ်၊ မတူပီမြို့နယ်နှင့် ထိစပ်နေသည့် ဒေသတွင် ရခိုင်တပ်တော်(AA)တပ်ဖွဲ့ဝင်များ ဖြတ်သန်း သွားလာမှုနှင့်ပတ်သက်၍ ဒေသခံများအနေဖြင့် စိုးရိမ်စရာမရှိကြောင်းနှင့် နှစ်ဖက်နားလည်မှုဖြင့် ရခိုင့်တပ်တော်(AA)က အဆိုပါလမ်းကြောင်းကို အသုံးပြုနေခြင်း ဖြစ်ကြောင်းချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွမ်ကိမ်းက ပြောသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)ထိန်းချုပ်ထားသော နယ်မြေတွင် ရခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်များက ဖြတ်သန်းသွားလာမှုအပေါ် ဒေသခံများက စိုးရိမ်နေကြခြင်းဖြစ်ပြီး ဖြတ်သန်းသွားလာခွင့်ပြုသော နေရာဒေသမှ နယ်ကျော်လာပါက နှစ်ဖက်ပြသနာမဖြစ်အောင် အချိန်မီညှိနှိုင်းမှုများလည်း ပြုလုပ်သွားမည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)ထံမှ သိရသည်။
“သူတို့အတွက် သွားလာရေး ခက်ခဲတဲ့အတွက် ယာယီတပ်စခန်းတစ်ခုထားပြီး ခွင့်တောင်းလာတာ ရှိတယ်။ ယာယီဖြစ်ဖြစ်တပ်စခန်းမချဖို့ ကျွန်တော်တို့ဘက်က ကန့်သတ်ငြင်းဆန်ထားပါတယ်။ အမှန်တော့ စစ်ရေးလှုပ်ရှားမှုမရှိပါဘူး။ ဒါပေမယ့် သူတို့အနေနဲ့ ဟိုဘက်၊ ဒီဘက်ဖြတ်သန်းသွားလာခွင့်လွယ်အောင် ခွင့်ပြုပေးထာတာ တစ်ခုပါပဲ”လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)ပြောရေးဆိုခွင့်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)က စစ်ရေးအရ နယ်စပ်လမ်းကြောင်းများကို တားမြစ်ပိတ်ပင်ထားပါက ရခိုင့်တပ်တော်(AA)တပ်ဖွဲ့များအနေဖြင့် လိုက်နာပေးရန် ပြောဆိုထားပြီး ရခိုင့်တပ်တော်(AA)အနေဖြင့် ဖြတ်သန်းသွားလာမှုအပေါ် အခြားမည်သည့်ရည်ရွယ်ချက်မျာမှ ရှိမည် မဟုတ်ကြောင်းဆလိုင်းနိုင်ဂျွန်ကိမ်းက ပြောဆိုသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)သည် စစ်ရေးနှင့် ပတ်သက်၍ မိမိကိုယ်ပိုင်လက်နက်ဖြင့်သာ ရပ်တည်ကာ တိုက်ပွဲဆင်နွှဲနေပြီး အခြားအဖွဲ့အစည်းများနှင့် မဟာမိတ်ဖွဲ့အနေဖြင့် လက်မှတ်ရေးထိုးထားခြင်းလည်း မရှိကြောင်းသိရသည်။
“စစ်ရေးအရ သူတို့နဲ့ ပူးပေါင်းဖို့ အရင်ကတော့ လာဆွေးနွေးတာရှိတာပေါ့။ ကျွန်တော့်အနေနဲ့ ဘယ်အဖွဲ့အစည်းနဲ့မှ စစ်ရေးပိုင်းမှာ ပူးပေါင်းတာတွေမရှိသေးဘူး။ နောက်နောင် စစ်ရေးမှာ သူတို့နဲ့ ပူးပေါင်းမလား၊ မပေါင်းဘူးဆိုတာကတော့ အတိအကျမပြောနိုင်သေးဘူး။ အခြားအဖွဲ့အစည်းတွေနဲ့ မဟာမိတ်လုပ်မယ်ဆိုရင် စစ်ရေးတစ်ခုထဲမဟုတ်ဘဲနဲ့ နိုင်ငံရေးအခြေအနေအရလည်း ကြည့်ရသေးဆိုတော့ အခုလောလောဆယ်မှာတော့ ကိုယ့်ဟာကိုယ်ပဲ ဆက်လက်ရပ်တည်အုံးမှာပါ”လို့ ဆလိုင်းနိုင်ဂျွန်ကိမ်းက ဆက်လက်ပြောဆိုသည်။
ရခိုင့်တပ်တော်(AA)က ပလက်ဝမြို့နယ်အပြင် မတူပီမြို့နယ်အထိ ဖြတ်သန်းသွားလာမှုများပြုလုပ်မှုသည် ချင်းပြည်နယ်၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များအပေါ် လက်နက်အင်အားအရ လွှမ်းမိုးနိုင်အောင် ကြိုးပမ်းလုပ်ဆောင်လာမည်ကို အထူးသတိချပ်ရန် လိုအပ်ကြောင်း ချင်းနိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် ဒေသခံများက သုံးသပ်ပြောဆိုကြသည်။
“ဒီတော်လှန်ရေးကာလမှာ AAအနေနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ချို့ကို သင်တန်းပေးတာ၊ လက်နက်ပံ့ပိုးကူညီမှုတွေ ပြုလုပ်တာရှိတယ်။ နိုင်ငံရေး၊ စစ်ရေးကဏ္ဍမှာ ဒီဟာကို လျော့တွက်လို့မရဘူးပေါ့နော်။ ပလက်ဝမြို့နယ်ဆိုရင် AAက နယ်မြေကျွမ်းကျင်နေပြီ။
ဒီလိုမျိုးပဲ အခြားမြို့နယ်တွေမှာ နယ်မြေကျွမ်းကျင်မှုရှိအောင် ကြိုးပမ်းလာမှာကို စိုးရိမ်ရတယ်။ AAအနေနဲ့ ချင်းပြည်သူတွေအပေါ်မှာ လွှမ်းမိုးလာအောင် အကွက်ကျကျလုပ်ဆောင်လာတာလားလို့တောင် မေးခွန်းထုတ်ရမလိုဖြစ်နေပြီ”လို့ ချင်းနိုင်ငံရေးလေ့လာသူအမျိုးသားတစ်ဦးက ပြောသည်။
ချင်းပြည်နယ်ထဲတွင် ပလက်ဝမြို့နယ်သည် လက်နက်ကိုင်များပြားသော ပြည်နယ်တစ်ခုဖြစ်ပြီး ချင်းအမျိုးသားတပ်မတော်၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ပလက်ဝ)နှင့် အခြားဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ ရခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ လှုပ်ရှားသော နယ်မြေတစ်ခုဖြစ်သည်။
ချင်းပြည်နယ်ထဲတွင် ရခိုင့်တပ်တော်(AA)က စစ်ရေးလှုပ်ရှားမှုအပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ဆက်ဆံမှုများခပ်စိတ်စိတ်ပြုလုပ်လာမှုအပေါ် ဧရာဝတီတိုင်းမ်အနေဖြင့် ချင်းအမျိုးသားတပ်ဦး/ချင်း အမျိုးသားတပ်မတော်၊ ပြောခွင့်ရပုဂ္ဂိုလ်ဆလိုင်းထက်နီကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။
ဓာတ်ပုံ-ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)
#ချင်းပြည်နယ် #မတူပီ #ရခိုင့်တပ်တော်(AA) #ဖြတ်သန်းသွားလာမှု #စိုးရိမ်စရာမရှိ #ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)ပြောခွင့်ရကပြောဆို #Ayeyarwaddy_Times