
ဧရာ၀တီတိုင်းမ်
ဩဂုတ်လ ၇ ရက်
စစ်ကောင်စီတပ်၏ အမှတ် (၉၉)ခြေမြန်တပ်မဌာန ချုပ်(တမခ)တပ်မမှူး အလုပ်သင်ဗိုလ်အမှတ်စဥ်-၂၄ဆင်း ဗိုလ်မှူးကြီးကျော်ထွန်းအောင် ကို ဗိုလ်မှူးချုပ်ရာထူးတိုး၍ စစ်ကောင်စီတပ် တန်းမြှင့်လေ့ကျင့်ရေးကျောင်း (တတက- ၃)ကျောင်းအုပ် ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခြင်းခံရကြောင်း သိရသည်။
မိတ္ထီလာမြို့အခြေစိုက် အမှတ် (၉၉) တပ်မမှူး ကျော်ထွန်းအောင် ရာထူးတိုးပြောင်းရွှေ့ခဲ့ပြီး ၎င်းနေရာ ကို ကရင်နီပြည်နယ်အတွင်း ထိုးစစ်ဆင်နေရသည့် အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၈)မှ ဗိုလ်မှူးကြီး အောင်ကျော်လွင်ကို အစားထိုးခန့်အပ်ခဲ့ ခြင်းဖြစ်သည်ဟု တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
“နှစ်ယောက်လုံးက ကရင်နီကိုကိုင်တွယ်နေရတဲ့ နှစ်ယောက်ပေါ့။ တစ်ယောက်ကို ကျောင်းအုပ်ကြီး ရာထူးတိုးပြီး၊ တစ်ယောက်က တပ်မမှူးဖြစ်လာတာပေါ့။ လက်စွမ်းပြနေကြတဲ့ သူတွေကြီးပဲ”ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အမှတ် (၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၈)နှင့် လက်အောက်ခံတပ်ရင်းများသည် ကရင်နီပြည်နယ်အတွင်းကို စစ်ဆင်ရေးဝင်ရောက်နေသည်မှာ ၂ နှစ်ကျော်ကာလရှိပြီဖြစ်ပြီး ကရင်နီနှင့်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုနှင့် ကရင်နီဘက်သို့ ပူးပေါင်းမှု များပြားလျက်ရှိသည်။
ထို့အတူ စစ်ကိုင်းတိုင်းအတွင်း မီးရှို့ဖျက်ဆီးခြင်းများ၊ တာတိုင်ကျေးရွာရှိ ဒေသခံများကို အစုလိုက်အပြုံ လိုက်သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့သည့် တပ်မ (၉၉) မှ ဘီလူးစစ်ကြောင်းသည်လည်း ကရင်နီဒေသတွင်းတိုက်ပွဲများ၌ ထိခိုက် သေဆုံးမှုများနေသည့် တပ်မဖြစ်သည်။
စစ်ကောင်စီသည် စစ်ကိုင်းမြို့အခြေစိုက် ခြေမြန်တပ်မဌာန ချုပ် အမှတ် (၃၃) တပ်မမှူး ကိုကိုလွင်၏နေရာကို ပခုက္ကူမြို့အခြေစိုက် အမှတ် ၁၀၁ ခြေမြန်တပ်ဌာနချုပ် (တမခ ၁၀၁)မှ ဗိုလ်မှူးကြီး ကျော်ဆက်မြင့်ကို အစား ထိုးခန့်အပ်လိုက်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
“တပ်မ ၃၃ တပ်မမှူး ကိုကိုလွင်နေရာကို အစားထိုးခန့်လိုက်တာရှိပေမယ့် ရွှေ့ခံရတဲ့ ကိုကိုလွင်ကတော့ ဘယ်နေရာရောက်တယ်ဆိုတာ မသိရဘူး”ဟု ၎င်းက ဆိုသည်။
ရာထူးတိုးပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ တပ်မ (၃၃) နှင့် တပ်မ (၉၉) တို့သည်ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအပေါ် လိင်အကြမ်း ဖက်ခြင်းအပါအဝင်အခြားအကြမ်းဖက်မှုများကျူးလွန်ခဲ့သောကြောင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဗြိတိန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့သည်။