
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၇ ရက်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီးရှိ ကသိုင်းတောင် စစ်ကောင်စီ စခန်းကုန်းအား ယနေ့(ဩဂုတ် ၇ ရက်)၊ နံနက်ပိုင်းက ကချင်လွတ်မြောက်ရေး တပ်မတော်-KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့တို့မှ သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ စစ်ကောင်စီ စခန်းကုန်းကို ဩဂုတ် ၇ ရက်၊ နံနက် ၅ နာရီ ၁၅ မိနစ်ခန့်က KIA တပ်မဟာ (၉)နှင့် KPDF ပူးပေါင်းတပ်ဖွဲ့တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၈ နာရီ ၃၅ မိနစ်ခန့်တွင် သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များပြားကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
“မနက် ၅ နာရီလောက်ကနေ စဖြစ်တာ ၈ နာရီလောက်တော့ ပြီးသွားတယ်။ စခန်းသိမ်းနိုင်ခဲ့တယ်လို့ သိရတယ်။ အလံလည်း ထောင်နိုင်ခဲ့တယ်လို့လည်း သိရတယ်။ စစ်ကောင်စီဘက်ကတော့ မြို့ထဲဘက်မှာ ခြေ ရှုပ်နေပြီး စစ်ဆေးတာတွေ လုပ်နေတယ်လို့ ကြားသိရတယ်” ဟု ဖားကန့်ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းဖြစ်စဉ် အသေးစိတ်နှင့် နှစ်ဖက်ထိခိုက်မှု အခြေအနေကို သိရှိမေးမြန်ရန် ကချင်လွတ်မြောက်ရေး တပ်မတော်-KIA မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူအား ဧရာဝတီတိုင်းမ် သတင်းဌာနမှ ဆက်သွယ်ခဲ့သော်လည်း ယခုသတင်းဖော်ပြချိန်အထိ ဆက်သွယ်၍ မရသေးပါ။
” ကသိုင်းတောင် စစ်ကောင်စီ စခန်းကုန်းကို ဝင်သိမ်းတယ်လို့ သိရတယ်။ စခန်းတွေကနေ မထွက်ရဲလို့ တစ်မနက်လုံး ပစ်နေတယ်။ ဖားကန့် စစ်တပ်ကုန်းကနေလည်း တောက် လျှောက်ပစ်တယ်။ လေယာဉ်လာတာတော့ မတွေ့ရသေးဘူး” ဟု ဖားကန့်ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်မှု ပြုလုပ်နေပြီး ဖားကန့်နှင့် ဆိုင်းတောင်တို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။