ဧရာ၀တီတိုင်းမ်
ဩဂုတ်လ ၇ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင်က မာရဝိဇယ ဘုရားပြီးစီးခြင်းနှင့် ဆင်ဖြူတော်မွေးနေ့ ၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျပ် ၂ သောင်းတန်အသစ် ထုတ်ဝေခဲ့သည့်အတွက် စျေးကွက်မတည်ငြိမ်မှုများ ဖြစ်ပွားကာ မြန်မာကျပ်ငွေတန်ဖိုးများ ဆက်တိုက်ကျဆင်းခဲ့ကြောင်း သိရသည်။
ကျပ်ငွေတန်ဖိုးကျဆင်းမှုနှင့်အတူ ဆန်၊ ဆီအပါအဝင် အခြေခံစားသောက်ကုန်စျေးနှုန်းများလည်း မြင့်တက်ခဲ့ရာ ယင်း၏အကျိုးဆက်ကို စစ်ကောင်စီလက်အောက်ခံ အောက်ခြေစစ်သည်မိသားစုများ ဆိုးရွားစွာ ခံစားနေရကြောင်း တပ်တွင်းသတင်းရင်းမြစ်များက ပြောသည်။
“ကြည်းတပ်တွေတော့ အရင်ကတည်းက ကြပ်တည်းရှာတာ။ အခုပိုဆိုးတာပေါ့။ ကျပ် ၂ သောင်းတန်ဂယက်နဲ့ စျေးတွေက အရမ်းတက်တော့ တပ်ထဲတော့ ဒုက္ခရောက်ကြတယ်။ ပြီးတော့ ကုန်စျေးနှုန်းသာတိုးလာတာ လခကျ မတိုးဘူးလေ။ ဒီကြားထဲ အောက်ခြေတပ်မိသားစုတွေက ထပ်ထဲမှာ ကင်းစောင့်ခိုင်းတာနဲ့ ထပ်ထဲကနေ အပြင်မထွက်ခိုင်းတာနဲ့ဆိုတော့ လုပ်ကိုင်စားသောက်ဖို့ကလည်း တော်တော်လေး ခက်ခဲကြတယ်။ အပေါ်ကလူတွေ စွတ်လုပ်တာနဲ့ အောက်ခြေကလူတွေမှာ တနေ့ထက်တနေ့ ပိုဆိုး၊ ပိုကျပ်တည်းကုန်ပြီ”ဟု မန္တလေးမြို့အခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်ရင်းတစ်ခုမှ တပ်မိသားစုဝင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင်တည်သည့် မာရဝိဇယဘုရားနှင့် ဆင်ဖြူမွေးနေ့အမှတ်တရအဖြစ် ငွေစက္ကူ ကျပ်နှစ်သောင်းတန်ထုတ်မည်ဟု စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်ကြေညာခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့တွင်ပင် ဒေါ်လာစျေးနှင့်ရွှေစျေးနှုန်းများ မြင့်တက်သွားခဲ့သည်။ ရက်အနည်းငယ်အကြာတွင် ပြည်တွင်စက်သုံးဆီဈေးနှုန်းနှင့် ဆန်၊ ဆီအပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်း ဈေးနှုန်းများလည်း လိုက်လံမြင့်တက်ခဲ့သည်။
ဩဂုတ်လ လဆန်းပိုင်းအတွင်း ဆန်အချော တစ်အိတ် ကျပ်တစ်သောင်း (၁၀,၀၀၀) မှ နှစ်သောင်း ကြား(၂၀,၀၀၀) မြင့်တက်နေပြီး ဆန်ကြမ်းဈေး ငါးထောင်(၅၀၀၀)ကျပ်ကျော်မြင့် တက်သွား ကြောင်း ဆန်ရောင်းသူများထံက သိရသည်။
ပြည်တွင်းစားသုံးမှုမြင့်မားသော ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ်လျှင် ကျပ် ၁၃၀,၀၀၀ ၊ ရွှေဘိုဧရာမင်းထူးရှယ် တစ်အိတ် ကျပ် ၁၀၈,၀၀၀ ၊ ကျားပျံတစ်အိတ် ကျပ် ၁၁၀,၀၀၀၊ ပေါ်ဆန်းမွှေးတစ်အိတ် ကျပ် ၉၆,၀၀၀၊ ဆင်းသွယ် တစ်အိတ် ကျပ် ၈၆,၀၀၀ နှင့် ဇီယာရှယ်တစ်အိတ်ကျပ် ၇၉,၀၀၀ ဝန်းကျင်ကြားထဲရှိကြောင်း စုံစမ်းသိရသည်။
“တပ်ထဲကမိသားစုတွေက ဘာဆက်လုပ်ရမှန်းကို မသိကြတော့ဘူး ဖြစ်နေတာ။ လင်က ရှေ့တန်းထွက်၊ မယားက နောက်တန်းမှာကင်းစောင့်။ လခကမလောက်၊ စားဝတ်နေရေးကကြပ်၊ ထွက်ပြေးလို့လည်းမရနဲ့ အောက်ခြေစစ်သားတွေနဲ့ မိသားစုတွေက တော်တော်လေးကို ဒုက္ခရောက်နေကြတာ။ သူတို့ စစ်တပ် ခေါင်းဆောင်တွေသာ စားမကုန်သောက်မကုန်ဖြစ်နေတာ။ အောက်ခြေကလူတွေ ဘာတွေဖြစ်နေလဲ မေးဖော်တောင်မရဘူး”ဟု စစ်တပ်အတွင်း မိသားစုဝင်များရှိနေသည့် ရန်ကုန်မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။