
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဩဂုတ်လ ၆ ရက်)
မြန်မာလူမျိုးတွေဟာ “ဝမ်းတစ်လုံးကောင်း၊ ခေါင်းမခဲ“ ဆိုတဲ့ မြန်မာ့ရိုးရာ စကားပုံအတိုင်း ဝမ်းပုံမှန်သွားခြင်း မသွားခြင်း အပေါ်မှာ ဂရုတစိုက်ရှိကြပါတယ်။ ဝမ်းကောင်းမှသာ နေလို့ထိုင်လို့အဆင်ပြေလေ့ရှိပါတယ်။ ဝမ်းသွားတဲ့အလေ့အထ အပြောင်းအလဲဖြစ်တာကိုပင် ခက်ခက်ခဲခဲရင်ဆိုင် ဖြေရှင်းနေရတဲ့သူတွေရှိပါတယ်။ ဒါကြောင့် ဝမ်းချုပ်ခြင်းဟာ အဖြစ်များတဲ့ပြဿနာ တစ်ခုပဲဖြစ်ပါတယ်။
အစားအသောက်၊ အနေအထိုင်၊ ဆေးဝါးများနဲ့ ရောဂါတွေကြောင့်အပြင် အခြား ဝမ်းချုပ်စေနိုင်တဲ့ အကြောင်းရင်းတွေလည်း ရှိနေပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့နေထိုင်မှု၊ စားသောက်မှုပုံစံတွေကြောင့် ဝမ်းချုပ်နိုင်ပါတယ်။
အမျှင်ဓာတ်ကြွယ်ဝပေါများတဲ့ အသီးအနှံ ဟင်းသီးဟင်းရွက်တွေ အစားနည်းတဲ့အခါ၊ လုံလောက်စွာ မစားတဲ့အခါ ဒါမှမဟုတ် လုံး၀မစားတဲ့အခါ ဝမ်းချုပ်ပါတယ်။ ဝမ်းသွားအလေ့ အကျင့်မှန်မှန် မရှိသူများ၊ သက်ကြီးရွယ်အိုများ၊ ကာလကြာရှည်အိပ်ရာထဲလဲနေသူများ၊ အချိန်ကြာမြင့်စွာ ကားရထား လေယာဉ်စီးရသူတွေမှာ ဆီးချုပ်ဝမ်းချုပ် ဖြစ်ကြ ပါတယ်။
ဆေးဝါးများကြောင့်လည်း ဝမ်းချုပ်တတ်ပါတယ်။ အလူမီနီယံပါဝင်တဲ့ အစာအိမ်နာ သောက်ဆေးတွေ၊ သံဓာတ်ပါတဲ့ဆေးတွေအချို့သော စိတ်ကျရောဂါကုသဆေး သွေးတိုးကုသဆေး အကိုက်အခဲပျောက်ဆေးတွေနဲ့ Morphine လို မူးယစ် ဆေးဝါး တွေက ဝမ်းချုပ်တတ်ပါတယ်။
သွေးချိုဆီးချိုရောဂါ၊ ကျောက်ကပ်အားနည်းသောရောဂါ၊ လည်ပင်း သိုင်းရိုက်ဟော်မုန်းနည်းရောဂါ၊ သွေးတွင်း ပိုတတ်ဆီယမ်ဓာတ်နည်းပြီး နုန်းချိသည့် အခြေအနေ၊ ထုံးဓါတ်ကယ်လဆီယမ်များခြင်း အခြေအနေ တွေမှာလည်း ဝမ်းချုပ်ခြင်း ကိုခံစားရပါတယ်။
ကိုယ်ဝန်ဆောင်ချိန် ၊ အလွန်အမင်းစိတ်ဖိစီးမှုများတဲ့အချိန်မျိုး ဥပမာ-စာမေးပွဲရှိတဲ့ အချိန်တွေလိုမျိုးမှာလည်း ဝမ်းချုပ်ခြင်းကို ခံစားရတတ်ပါတယ်။
လေထိုးလေပွခြင်း၊ လေနာထခြင်း ၊ ဗိုက်ဖောင်းတင်းနာကျင်ခြင်း၊ ဝမ်းသွားစဉ်နာကျင်ခြင်း၊ ဝမ်းသွားစဉ်သွေးပါခြင်း၊ ခါးနာခြင်းတွေ လိုမျိုးအခြားဝေဒနာတွေနဲ့ပါ ယှဉ်တွဲတတ်ပါတယ်။
ဆရာဝန်နှင့် စနစ်တကျပြသဆွေးနွေးရမယ့်လက္ခဏာတွေကတော့
-ပိန်သွားခြင်း(ကိုယ်အလေးချိန် သိသိသာသာကျသွားခြင်း)၊
-ဝမ်းသွားတဲ့အခါ သွေးပါခြင်း၊
-ဝမ်းသွား အားမရခြင်း၊ ဝမ်းကျန်ခြင်း၊
-ဗိုက်ပူဗိုက်ဖောင်းလာခြင်း ဗိုက်နာခြင်း အလုံးအဖု စမ်းမိခြင်း
-ဝမ်းသွားလိုက်၊ ဝမ်းချုပ်လိုက်ဖြစ်ခြင်း၊ (ဝမ်းမမှန်ခြင်း)
-ပျို့အန်ခြင်း ၊ မောပန်းလွယ်ခြင်း၊ သွေးအားနည်းခြင်း၊
-အူမကြီးကင်ဆာမျိုးရိုးရှိခြင်း တွေပဲ ဖြစ်ပါတယ်။
ဝမ်းချုပ်တဲ့အခါ ဝမ်းချုပ်တာကို ဒီတိုင်းမထားဘဲ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှု တွေလုပ်ရပါမယ်။ ပုံမှန်အခြေခံကျန်းမာရေးစစ်ဆေးစမ်းသပ်မှုတွေအပြင် ဝမ်းလမ်း ကြောင်း အူမှန်ပြောင်းကြည့်ခြင်း၊ အသားစယူ စစ်ဆေးခြင်း၊ သွေးစစ်ဆေးခြင်း၊ ဝမ်းစစ်ဆေးခြင်း ၊ ဝမ်ထဲသွေးစပါဝင်မှုစစ်ဆေးခြင်း၊ အူလမ်းကြောင်းဆေးသွင်း ဓာတ်မှန်ရိုက်ခြင်း၊ စအိုဝအသားစယူစစ်ဆေးခြင်း၊ အူလမ်းကြောင်းလှုပ်ရှားမှုနဲ့ ဖြတ်သန်းချိန်တိုင်းတာတွက် ချက်ခြင်းတွေ နဲ့ ရောဂါရှာဖွေလို့ရနေပါပြီ။
အကြောင်းရင်းကိုရှာဖွေကုသရပါမယ်။ ဝမ်းချုပ်စေသော ရောဂါကိုရှာဖွေရပါမယ်။ ရောဂါရှိပါက စနစ်တကျကုသရပါမယ်။ ဝမ်းချုပ်စေသောဆေးများ၊ သုံးလက်စ ဝမ်းနှုတ်ဆေး အပြင်းစားများကို ရပ်ထားရပါမယ်။
သဘာဝနည်းအတိုင်းဝမ်းပုံမှန်သွားစေဖို့ အမျှင်ဓာတ်များများပါသော သီးနှံနှင့် ဟင်းသီး ဟင်းရွက် များများစားရပါမယ်။ ရေ၊ ဖျော်ရည်နှင့် အချိုရည်များများ သောက်ပါ။ တစ်နေ့လျှင် ရေသန့်ဘူး(၃)ဘူးခန့် သောက်ပေးရပါမယ်။ လက်ဖက်ရည်၊ ကော်ဖီ၊ ဆေးလိပ်၊ ကွမ်းယာရှောင်ရပါမယ်။ နေ့စဉ်ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။ အမျှင်ဓာတ်ပါသောဆေးများလည်းအကူသောက်သုံးနိုင်ပါတယ်။
ဝမ်းပုံမှန်သွားအောင် အကျင့်ပြုလုပ်ပေးပုံလည်း သိထားသင့်ပါတယ်။ အိပ်ရာနိုးထ ချိန်မနက်ခင်းတိုင်းပုံမှန် အိမ်သာဝင်တဲ့အလေ့အထကို အကျင့်လုပ်ပြီး ဝမ်းသွားသင့်ပါတယ်။
ဝမ်းသွားဖို့ ဆေးဝါးတွေသုံးဖို့လိုအပ်လာရင် မိမိသဘောနဲ့ မသောက်သင့်ပါဘူး။ တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာဝမ်းသွားလွယ်စေတဲ့ ဆေးတွေ သောက်သုံးရပါမယ်။
ဆေးပေးကုသတဲ့အခါမှာလည်း ဝမ်းပျော့ဆေး၊ လေဆေး၊ ဝမ်းအတွင်းရေပမာဏ ပိုပါဝင်စေပြီးဝမ်းသွားစေသောဆေးများ၊ အူလမ်းကြောင်းကိုလှုံ့ဆော်ပြီး ဗိုက်နာ ဝမ်းသွားစေတဲ့ဆေးများ၊ အူလှုပ်ရှားမှုကို မြန်စေသောဆေးများ၊ ဝမ်းချူဆေးတောင့်များ ဆိုပြီး လူနာရောဂါပေါ်မူတည်ပြီး ရွေးချယ်ရမှာဖြစ်ပါတယ်။
ဝမ်းချုပ်ခြင်းရဲ့အကြောင်းရင်းက အူလမ်းကြောင်းပိတ်တာကြောင့် ဒါမှမဟုတ် အူမကြီး ကင်ဆာကြောင့်သာဆိုပါက ခွဲစိတ်ကုသမှုခံယူဖို့ လိုပါတယ်။
ဒါကြောင့် ဝမ်းချုပ်ပြီဆိုပါက မပေါ့ဆပါနဲ့။ ကောက်ညှင်းတွေ၊ အသားတွေက ဝမ်းချုပ်စေပါတယ်။ အလွန်အကြူး စားသောက်ခြင်းကို ဆင်ခြင်သတိပြုပါ။ ကျန်းမာတဲ့ဘဝရဖို့ ဝမ်းမချုပ်အောင်နေထိုင်ပါ။ အမျှင်ဓါတ်များများပါတာ စားသုံးပါ။ ပုံမှန် လေ့ကျင့်ခန်း လုပ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
နောက်တစ်ပတ်မှာတော့ မျက်စိနဲ့ပတ်သက်တဲ့ ကျန်းမာရေးကို ဧရာ၀တီတိုင်းမ် သတင်းဌာနကနေ အသိပညာပေးသွားတင်ဆက်သွားမှာဖြစ်ပါတယ်။ စောင့်မျှော်ဖတ်ရှုရင် ကျန်းမာရေးအသိများရကြပါစေ။
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါး အပ်ပါသည်။)