
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၆ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ်၃ရပ်ကွက် တက္ကသိုလ်ကန်ပတ်လမ်း ပေါ်တွင် သြဂုတ်လ ၂ ရက်နေ့ ညပိုင်းက အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထောက်ကာ ပိုက်ဆံအိတ် လုယက်ခံ ရကြောင်းသိရသည်။
လုယက်ခံရသူ အမျိုးသမီးသည် ညအစောပိုင်း အလုပ်မှ လမ်းလျှောက် ပြန်လာစဥ် အမျိုးသားနှစ်ဦးသည် ဆိုင်ကယ်နှင့် နောက်မှလိုက်လံ၍ ဓားဖြင့်ထောက်ကာ ပိုက်ဆံ အိတ်နှင့်ဖုန်းကိုလုယက် မောင်းပြေးသွားကြောင်းမျက်မြင်တွေ့ရှိသူများက ဆိုသည်။
“တစ်ယောက်ထဲ ပြန်တဲ့လူတွေကို ပစ်မှတ်ထားကြတယ်တူတယ်။ ပုသိမ်လမ်းတွေက ဒုစရိုက် သမားတွေ ကြီးစိုးနေသလိုဖြစ်နေပြီ။ ရဲကတမင်တကာမွေးထား သလားလို့ တောင်ထင်ရတယ်”ဟုပုသိမ်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ပြီးခဲ့သည့် ဇူလိူင်လ ၃၁ရက်နေ့ ည၇နာရီ ခန့်ကလည်းအဆိုပါ ကန်ပတ်လမ်းတွင် လက်ဖက်ရည်ဆိုင်မှ ပြန်လာသည့်အမျိုးသားတစ်ဦးကို တုတ်နှင့်ရိုက်ကာ ဓားဖြင့် ထောက်ပြီး PCX ဆိုင်ကယ်နှင့် ဖုန်းကိုလုယူသွားခဲ့ကြောင်းသိရသည်။
ပုသိမ်မြို့တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှ စတင်ကာလမ်းသွားလမ်းလာများကို ဆိုင်ကယ်ဖြင့် လိုက်လံလုယက်မှုတွေနဲ့ နေအိမ်များကို ၀င်ရောက်ခိုးယူမှုများ ပိုမို ဖြစ်ပွားခဲ့ပြီး တရားခံများကို ဖမ်းမိခြင်းတစ်ကြိမ်မှ မရှိသေးကြောင်း ဒေသခံများ ထံကသိရသည်။
ပုသိမ်မြို့တွင်း စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့များအင်အားအများအပြားဖြင့် နေ့စဥ် ကင်းလှည့်နေသော်လည်း တော်လှန်ရေးအင်အားစုများကိုသာအဓိကထားပြီး ဖမ်းဆီးနေခြင်းကြောင့် ခိုဆိုးလုနိူက်များ နေ့စဥ်ဖြစ်ပွားနေပြီး၊ လောင်းကစား၊ လုယက်မှု၊ မူးယစ် ဆေးဝါး ရောင်းချမှုနှင့် ငွေတုရောင်းချခြင်းလုပ်ငန်းများကို ဖော်ထုတ်ဖမ်းဆီးမှု လျော့နည်းလာကြောင်း မြို့ခံများက ဆိုသည်။