
ဧရာဝတီတိုင်းမ်
ဩဂုတ် ၆ ရက်
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့က သက်ကြီးရွယ်အို နှစ်ဦး စစ်ရှောင်ထွက်ပြေးစဥ် သေဆုံးခဲ့ကြောင်း နီးစပ်သူများထံက သိရသည်။
အဆိုပါ အဖိုးအဖွားနှစ်ဦးသည် ခမ်းပါတ်မြို့မှ မိုင် ၄၀ ခန့်ကွာဝေးသည့် ကလေးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာစဉ် ဆိုးဝါးသည့် ရာသီဥတုဒဏ်နှင့််အတူ တောလမ်းကြမ်းများ ကို ဖြတ်သန်းလာရခြင်းကြောင့် ပင်ပန်းကာကလေးမြို့ပေါ် ရောက်ရှိချိန်တွင် ဦးလိန်ဟန်ထန် အသက် (၅၈) နှစ် နှင့် ဒေါ်နွမ်းခေါဒိမ် အသက် (၈၃) နှစ်တို့ ဆုံးပါးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဆုံးသွားတဲ့ ဦးလိန်ဟန်ထန်က ဩဂုတ် ၁ ရက်နေ့ မှာ ဆုံးပြီး ဒေါ်နွမ်းခေါဒိမ် ကတော့ ဩဂုတ် ၅ ရက်မှာဆုံးတာပါ။ ရှေ့ဆင့် နောက်ဆင့်ပါပဲ။ မိုးတွင်းရာသီဥတုဆိုးရွားနေချိန်မှာ တောလမ်းကြမ်းကိုဖြတ်ပြီး စစ်ဘေးရှောင်လာရတော့ ပင်ပန်းပြီး ဆုံးသွားကြတာ။ ကျန်ရစ်တဲ့ မိသားစုနဲ့ဆွေမျိုးတွေကပဲ ကလေးမြို့မှာနာရေးကျင်းပပြီး သင်္ဂြိုဟ်လိုက် ပါတယ်” ဟု ဆွေမျိုးနီးစပ်သူက ပြောသည်။
ခါမ်းပါတ်မြို့မှနေ၍ စစ်ရှောင်နေရသူ သုံးသောင်းကျော်ခန့်ရှိပြီဖြစ်ပြီး သက်ကြီးရွယ်အို တစ်ထောင်ကျော် ပါ၀င်ကြောင်း စစ်ရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူထံက သိရသည်။
ခါမ်းပါတ်မြို့တွင် စစ်ကောင်စီတပ်များနှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့များသည် ၂၀၂၃ ဇူလိုင် ၂၂ ရက်နေ့ကစတင်၍ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သည် လူနေ ရပ်ကွက်များကို လက်နက်ကြီးဖြင့်ထုခြင်း၊ တိုက်လေယာဉ်ဖြင့်ဗုံးကြဲခြင်း၊ လူနေ အိမ်များကို စီးနင်း မွှေနှောက် အကြမ်းဖက်ခြင်းများကြောင့် ဒေသခံပြည်သူများသည် ဇူလိုင် ၂၃ ရက်နေ့က စတင်၍ စစ်ဘေးရှောင် ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များသည် ယနေ့ ဩဂုတ် ၆ ရက်နေ့အထိ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သည် ဒေသခံပြည်သူတချို့ကို ဖမ်းဆီး သတ်ဖြတ်ကာ ခမ်းပါတ်မြို့ပေါ်ရှိ နေအိမ် ၁၅ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
မကြာသေးခင် ရက်ပိုင်းအတွင်း ခါမ်းပါတ်ခရစ်ယာန်ကောင်စီ (Khampat Christian Council-KCC) ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် တိုက်ပွဲများရပ်စဲသွားပြီး ဒေသခံတစ်ချို့ နေရပ် ပြန်လာခဲ့ကြသော်လည်း တဖန်ပြန်လည် တိုက်ပွဲဖြစ်ပွားကာ စစ်ကာင်စီတပ်က နေအိမ်တွေကို ဖောက်ထွင်းခိုးယူလုယက်မှုများ၊ ဒေသခံပြည်သူများကို အကြမ်းဖက် သမားဟု စွပ်စွဲဖမ်းဆီးနှိပ်စက်မှု များပြုလုပ်နေသောကြောင့် ဒေသခံများ ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရှောင်ကူညီရေးအဖွဲ့ထံက သိရသည်။
ပုံစာ – ခါမ်းပါတ်မြို့မှ စစ်ဘေးတိမ်းရှောင်ထွက်ပြေးရင်း သေဆုံးခဲ့ကြသော သက်ကြီးရွယ်အိုနှစ်ဦး