ဧရာဝတီတိုင်းမ်
(သာယာဝတီ)၊ ဩဂုတ်လ ၆ ရက်
ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သာယာဝတီထောင်အတွင်းတွင် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် အာဇာနည်နေ့အထိမ်းအမှတ်အခမ်းအနားပွဲပြုလုပ်သည်ဟုဆိုကာ နိုင်ငံရေးအကျဉ်းသား ၁၆ ဦးကို ရိုက်နှက်နှိပ်စက်ကာ တိုက်ပိတ်ထားပြီး ကိုသန်းတိုးအောင်ဆိုသူမှာ နှိက်စက်ခံရမှုကြောင့် ဦးနှောက်အတွင်း သွေးခဲကာ သတိလစ်မေ့မြောနေကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တောင်ပိုင်းခရိုင် သံလျင်မြို့နယ် လူငယ်လုပ်ငန်းအဖွဲ့၏ စည်းရုံးရေးမှူး ကိုသန်းတိုးအောင်ကို ဦးဆောင်သူဟုဆိုကာ ကိုရန်နိုင်စိုး၊ ဦးလှစိုး၊ စုတ်ဖွားကြီး၊ တာမွေကိုဇွဲ(ခ)ကိုခင်မောင်ကျော်၊ CDMဗိုလ်ကြီးတစ်ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၆ ဦးကို သာယာဝတီထောင် မင်းဂံဓမ္မာရုံအတွင်း ရိုက်နှက် နှိပ်စက်ခဲ့ပြီး တိုက်ပိတ်ထားကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံကသိရသည်။
“ဒီသတင်းထွက်လာတဲ့ အမည်စာရင်းတွေထဲမှာနံမည် မပါလာသေးတဲ့ သူတွေလည်း ရှိပါတယ်။ သုံးဆယ်မြို့က ကိုငယ်လေး‌(ခေါ်)ဂြိုလ်သားဆိုလည်း သေလုမျောပါး ရိုက်ခံရတဲ့ အထဲပါပါတယ်။ သာယာဝတီက ကိုဖြိုးကြီးဆိုတဲ့သူလည်း တိုက်ပိတ် ခံရတဲ့ထဲ ပါပါတယ်။ ကျန်တဲ့ နံမည်မပါသေးတဲ့တစ်ခြားသူတွေကလည်း ဦးလှစိုးနဲ့ အမှု‌တွဲသူ‌တွေ တူတွေ၊ သားတွေ အကုန်ပါလိမ့်မယ်လို့ခန့်မှန်းရတယ်။ အခုကျွန်တော်တို့ လည်းသေချာအောင်စုံစမ်းနေပါတယ်။” ဟု သာယာဝတီအကျဉ်းထောင်တွင် ထောင်ကျ နေသူ၏ မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ရိုက်နှက်နှိပ်စက်ခံရမှု‌ကြောင့် ကိုသန်းတိုးအောင်အပါအဝင် နိုင်ငံရေးအကျဉ်းသား လေးဦးမှာ သတိလစ်မေ့မြောသွားပြီး ထောင်တွင်းဆေးရုံသို့ပို့ဆောင်ခဲ့ရကာ ကိုသန်းတိုးအောင်မှာ ယနေ့အချိန်အထိ သတိပြန်လည်လာခြင်းမရှိကြောင်း သိရသည်။
“ကိုသန်းတိုးအောင်က သတိမေ့နေပြီး မြောနေတာခုချိန်ထိပဲ။ ဦးနှောက်ထဲ သွေးခဲ သွားတာဆိုတော့။ တစ်ချို့ကတော့ သေသွားပြီပြောတယ်။ ဒါပေမဲ့ဒါက အတည်မပြု နိုင်ဘူးပေါ့နော်။ စုံစမ်းရသလောက်တော့ သတိလစ်နေတာက နေသတိပြန်မလည်သေး ဘူးဆိုတာပဲ သိရသေးတယ်” ဟု သာယာဝတီ အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
သာယာဝတီအကျဉ်းထောင်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်သည့် အာဇာနည်နေ့အထိမ်းအမှတ် ဖဲကြိုးနက်ရင်ဘတ်တပ်ဆင်လှုပ်ရှားမှုကြောင့် နိုင်ငံ‌ရေး အကျဉ်းသူ၊ အကျဉ်းသား ၃၀ ကျော်ကို ရိုက်နှက်နှိပ်စက်ကာ တိုက်ပိတ်ထား ခြင်းဖြစ်ကြောင်း ထောင်မှပြန်လည်လွတ်မြောက်လာသူများထံက သိရသည်။
ဓာတ်ပုံ – သာယာဝတီထောင်