
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၆ ရက်
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ ပျူစောထီးများနှင့် စစ်ကောင်စီတပ်သားများကို ယမန်နေ့ သြဂုတ်လ ၅ ရက်နေ့ နေ့လယ် ၁၁ နာရီ ၃၀ မိနစ်တွင် TRIPLE-R ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
အဆိုပါ စစ်ကြောင်းသည် ပျူစောထီးများကို ရိက္ခာရှာပေးနေသည့် စစ်ကောင်စီ စစ်ကြောင်းဖြစ်ပြီး နှောရိုးရွာအနီးတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ဒီကောင်(စစ်ကောင်စီတပ်)တွေ ရိက္ခာရှာစစ်ကြောင်းက နောက်ချန်ကင်းပုန်းရယ်နဲ့ ကျွန်တော်တို့ ထိပ်တိုက်တွေ့ပြီးတိုက်ပွဲဖြစ်တာပါ။ သူတို့ဘက်က တစ်ဦးသေတယ်။ ကျွန်တော်တို့ဘက်ကတော့ ဘာမှ မဖြစ်ပါဘူး” ဟု TRIPLE-R တပ်ဖွဲ့မှ တပ်ခွဲမှူး Flash က ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ စစ်ကောင်စီတပ်နှင့် တိုက်ပွဲကို ယင်းမာပင်ခရိုင် အမှတ်(၁၂) တပ်ရင်း၊ တပ်ခွဲ(၃) TRIPLE-R ၊ ယင်းမာပင်ခရိုင် အမှတ်(၇) တပ်ရင်း ၊ ပုလဲတပ်ရင်း(၁) ၊ ဗိုလ်သာနော အဖွဲ့ ၊ ပုလဲ ပကဖ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့ သြဂုတ်လ ၆ ရက်နေ့တွင်လည်း ဇီးဖြူကုန်းပျူရွာအနီးတွင် စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးများပြန်လည် ရောက်ရှိနေကြောင်း ဒေသခံများထံက သိရသည်။
ဓာတ်ပုံ-ပေးပို့