
ဧရာ၀တီတိုင်းမ်
ဩဂုတ် ၇ ရက်
စစ်ကောင်စီတပ်မှ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထိန်၀င်းကို စစ်တပ် လေ့ကျင့်ရေးတပ်၏ အရာရှိချုပ်(လကခချုပ်)အဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပြီး စစ်တပ် ထိပ်ပိုင်းအရာရှိအချို့ကိုလည်း ပြောင်းလဲ ခန့်အပ်ခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်ထိန်၀င်းကို လကခချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး ၎င်းနေရာကို တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ကြည်သိုက်အား ခန့်အပ်ခဲ့ကြောင်း တပ် သတင်းရင်းမြစ်ထံက သိရသည်။
ထို့အပြင် စစ်တိုင်းမှူး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစမှူး)၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခမှူး) ရာထူးများနှင့် တပ်ထိပ်ပိုင်းရာထူး ၂၂ နေရာကိုလည်း ပြောင်းလဲ ခန့်အပ်ခဲ့ကြောင်း သိရသည်။
“ရာထူးအပြောင်းအရွှေ့တွေ အရမ်းများတယ်။ ဒကစမှူးတွေ၊ စစ်ရေးလေ့ကျင့်ရေး အရာရှိချုပ်တွေကိုပါ ပြောင်းခန့်ခဲ့တာပါ”ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်း မ် ကိုပြောသည်။
လေ့ကျင့်ရေးအရာရှိချုပ်သည် စစ်ဦးစီးလက်ရုံးတပ်ဝန်ထမ်းတပ်များကို ကွပ်ကဲရခြင်း ဖြစ်ပြီး ယခင်လေ့ ကျင့်ရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ဇော်မျိုးတင်၏ လစ်လပ်နေရာကို အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။
တပ်လေ့ကျင့်ရေးအရာရှိချုပ်အဖြစ် ပြောင်းရွှေ့ခန့် အပ်ခံရသည့် ဗိုလ်ချုပ်ထိန်၀င်းသည် ပူတာအိုမြို့နယ် ဗျူဟာမှူးမှ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)တွင် တာ၀န်ထမ်း ဆောင်ခဲ့ပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ရာထူးတိုးလာသူဖြစ်ကြောင်း သိရ သည်။
ဗိုလ်ချုပ်ထိန်၀င်းသည် ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်တွင် လူအစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှုများအပါ၀င် ပဲခူးတိုင်းအတွင်း၌ ဖြစ်ပွားခဲ့သည့် မီးရှို့သတ်ဖြတ်မှုများ တွင် အဓိကတာ၀န်ရှိသူဖြစ်သည်။
တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်လာမည့် သံတောင်ကြီးအခြေစိုက် တိုက်ခိုက်ရေးကျောင်း(ဘုရင့်နောင်) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ကြည်သိုက်သည် DSA အပတ်စဉ် ၃၉ ဆင်းဖြစ်သည်။
ကျောင်းအုပ်ကြီးတာဝန်မယူမီက စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်နှင့် ရွှေဘိုခရိုင်အတွင်း စစ်ကြောင်းထိုးနေသည့် တိုက်ကြီးမြို့နယ် အခြေစိုက် အမှတ် ၄ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၄) မှူးအဖြစ် တာ၀န်ယူခဲ့သူဖြစ်ပြီး ရေဦးမြို့နယ်၊ မုန်တိုင်ပင်ကျေးရွာမှ လူအစုလိုက်အပြုံလိုက်သတ် ဖြတ်မှုတွင် အဓိကညွှန်ကြားခဲ့သူဖြစ်သည်။
ပုံစာ – MWD Channel