သေဆုံးသွားသည့် ပျူစောထီးကျော်စိုး

ကိုကိုလေး/ဧရာဝတီတိုင်းမ်
ထားဝယ်၊ ဇူလိုင်လ ၁၈ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊ညင်းမော်ရွာရှိ ပျူစောထီးသွေးသောက်အဖွဲ့ဝင် ကျော်စိုးကို ယမန်နေ့ ဇူလိုင်လ ၁၇ ရက်နေ့ညပိုင်းတွင် ၎င်းရဲ့နေအိမ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှသိရသည်။

ဇူလိုင် ၁၇ ရက် ည ၈ နာရီခွဲဝန်းကျင်မှာ ကျော်စိုး ဆိုသူ ၏နေအိမ်အား အမည်မသိလက်နက်ကိုင်အဖွဲ့မှဝင်ရောက် ပစ်ခတ်စဥ် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သွေးသောက်အဖွဲ့ဝင် ကျော်စိုး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျနော်တို့သေနတ်အသံတွေဆက်တိုက်ကြားရတယ်။ ပျူစောထီး ဦးကျော်စိုးက သေနတ်ကိုင်ထားတော့အိမ်ထဲကနေ လှမ်းပစ်တယ်။အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး မိနစ်အနည်းငယ်အကြာမှာ ဒီလူက သေနတ်ကျည်ကုန်သွားလို့ တောခုတ်ဓားအားဆွဲပြီး ပြန်ခုခံသေးတယ်။ အဲဒီမှာပဲ တစ်ဖက်ကပစ်လိုက်တဲ့ ကျည်ထိမှန်ပြီး သေဆုံးသွားတာ” ဟု ညင်းမှော်ရွာမှ ဒေသခံတဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။

ကျော်စိုး ဆိုသူသည် စစ်ကောင်စီကလက်နက်တပ်ဆင်ပေးထားပြီး ခါးကြားမှာသေနတ်ထိုးကား ရွာထဲပတ်ပြီး CDMဝန်ထမ်းများနှင့်ဆန္ဒပြလူငယ်များကို ဖမ်းဆီးရာတွင် အဓိကလမ်းပြ ဦးဆောင်သူတဦးဖြစ်သည်ဟု ဒေသခံအချို့က ဆိုသည်။

ပျူစောထီးသွေးသောက်အဖွဲ့ဝင် ကျော်စိုး ရှင်းလင်းသုတ်သင်ခံသည့် ကိစ္စနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကိုတော့ မသိရှိသေးကြောင်း ဒေသခံများပြောပြချက်အရသိရသည်။