ဧရာဝတီတိုင်းမ်

ဩဂုတ်လ ၆ ရက်

ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဖွဲ့စည်းမှု၊ နှစ်သောင်းတန်ငွေစက္ကူအသစ်ထုတ်မှုအပါအဝင် အရန်ဆန်ရောင်းချမည်ဆိုသဖြင့် နှစ်ရက်အတွင်း ဆန်‌ဈေးအဆမတန်မြင့်တက်သွားကြောင်း ဆန်လက်လီ၊လက်ကားရောင်းချသူတစ်ဦးက ပြောကြားသည်။

ဩဂုတ် ၄ ရက်နေ့ တန်းမြင့်ဆန် ရွှေဘိုပေါ်ဆန်းမွှေး (ထူးထူးရှယ်) တစ်အိတ် ကျပ် ၁၄၀,၀၀၀ ရှိရာမှ ဩဂုတ် ၅ ရက်နေ့တွင် ကျပ်တစ်သိန်း‌ခွဲပေါက်ဈေးဖြစ်ပေါ်ရာ တစ်ရက်အတွင်း

ကျပ်တစ်သောင်းအထိဈေးတက်သွားခြင်းဖြစ်သည်။

” ဆန်အသင်းက အရန်ဆန်‌ထုတ်ရောင်းမယ်ဆိုတာက ဆင့်ပါးစပ်နှမ်းပက်ပဲ။ အိတ် ငါးသောင်းဆိုတာ ရန်ကုန်မြို့လူဦးရေနဲ့ပဲတွက်အုံး မြို့နယ်တစ်မြို့စာတောင်မရှိဘူး ” ဟု ဆန်လက်လီ၊လက်ကားရောင်းချသူတစ်‌ဦးက ပြောသည်။

လက်ရှိတွင်အဓိကဆန်ဖြန့်ဖြူးရာ ဘုရင့်နောင်ပွဲရုံအပါအဝင်ဆန်ပွဲရုံအများစုတွင် နယ်မှဆန်အဝင်မရှိခြင်း၊ အဝယ်များနေပြီး ရောင်းချစရာကုန်ပစ္စည်းမရှိခြင်းတို့အပါအဝင်အကြောင်းအရင်းများစွာကြောင့် ဆန်ဈေးနှုန်းတရှိန်ထိုးမြင့်တက်လာခြင်းဖြစ်သည်။

ထို့ပြင်လက်ကျန်ရှိနေသော ဆန်ပွဲရုံများက လည်း ဆန်ကို ထိန်း၍ရောင်းချနေကာ ရောင်းချစရာဆန်မရှိ၍ပိတ်ထားရသည့် ဆန်ပွဲရုံနှင့် ဆန်ဆိုင်များစွာရှိနေကြောင်း စုံစမ်းသိရသည်။

လာမည့် ဩဂုတ် ၈ ရက်နေ့မှစတင်ကာ နိုင်ငံစိစစ်ရေးကတ်ပြားပြပြီး တစ်ကတ်လျှင်ပေါ်ဆန်း‌မွှေးနှင့် ဧည့်မထတစ်အိတ်စီဝယ်ယူနိုင်မည်ဖြစ်ကြောင်းမြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က ထုတ်ပြန်ထားသည်။

” သူတို့ဆီသွားဝယ်ရမှာ။ အသွားလိုင်းကားစီးသွားရင်တောင် အပြန်တက္ကစီပြန်ရမှာ။ ကားခနဲ့ဆိုတော့မထူးပါဘူး။ ကိုယ့်အနီးနားပဲဝယ်ရမှာပဲ ” ရန်ကုန်မြို့ခံ အိမ်ရှင်မတစ်ဦးက ပြောသည်။

ထို့ပြင် ဌာနဆိုင်ရာဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံကုမ္ပဏီဝန်ထမ်းများက သက်ဆိုင်ရာဌာန၊စက်ရုံကုမ္ပဏီတင်ပြစာဖြင့် email [email protected] သို့ပို့ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ဆန်စပါးအသင်းက ထုတ်ပြန်ထားသည်။

ပြည်တွင်းစားသုံးမှုများသည့် ရွှေဘိုပေါ်ဆန်း‌မွှေး( ၁၀၈ ) ပေါင်အိတ် ကျပ် ၁၁၀,၀၀၀ မှ ၁၂၀,၀၀၀၊ ဧရာဝတီပေါ်ဆန်းမွှေးဆန်များ (၁၀၈) ပေါင်အိတ် ကျပ် ၉၄,၀၀၀ မှ ၉၇,၀၀၀၊ ဧည့်မထဆန်များ (၁၀ ရာခိုင်နှုန်း) ကျပ် ၆၅,၀၀၀ ၊ ဧည့်မထဆန်များ (၂၅ ရာခိုင်နှုန်း) ကျပ် ၆၀,၀၀၀ တန်ဆန်များကိုရောင်းချမည်ဖြစ်ကြောင်း အဖွဲ့ကထုတ်ပြန်သည်။

အဆိုပါစျေးနှုန်းများဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ဝါးတန်းဆန်စပါးကုန်စည်ဒိုင်၊ ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်တို့တွင်ဝယ်ယူနိုင်မည်ဖြစ်သည်။

ပြီးခဲ့သည် ဇွန်လ ၂၇ ရက်နေ့က ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကောင်မတီကို ဖွဲ့စည်းပြီးစီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်နိုင်ဦး ဥက္ကဌအဖြစ်တာဝန်ယူကြောင်း စစ်ကောင်စီထုတ်ပြန်ထားသည်။

အဆိုပါအဖွဲ့သည် အခြေခံစားသောက်ကုန် စျေးနှုန်းများအပါအဝင် ဆန်၊ စားသုံးဆီနှင့် မီးဖိုချောင်သုံးကုန်ပစ္စည်းများ စျေးနှုန်းများတည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသော်လည်း အခြေခံစားသောက်ကုန်စျေးနှုန်းမှာ မြင့်တက်နေဆဲ ဖြစ်သည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#ကုန်ဈေးနှုန်း #တည်ငြိမ်ရေး‌ကော်မတီ #ကုန်ဈေးနှုန်းမြင့်ဆဲ #ဆန်ဈေးတက် #Ayeyarwaddy_Times