
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၆ ရက်
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာတွင် အရေးပါသည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၁) ကို အခြေခံ၍ နွေဦးတော်လှန်ရေး တွင်ပါဝင်နေသည့် တော်လှန်ရေးအဖွဲ့အစည်းများကိုစုပေါင်း၍ ဘုံနိုင်ငံရေး ရည်မှန်းချက် များနှင့် နိုင်ငံရေးရပ်တည်ချက်များကို ယနေ့ ဩဂုတ်လ ၆ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ထုတ်ပြန်လိုက်သည်။
တော်လှန်ရေးအဖွဲ့အစည်းများ၏ ဘုံနိုင်ငံရေး ရည်မှန်းချက်များတွင် ပထမဆုံးအနေဖြင့် တော်လှန်ရေး၏ ရည်မှန်းချက်ပန်းတိုင်ကို ဖက်ဒရယ်ဒီမိုကရေစီစနစ် လက်တွေ့ ကျင့်သုံးသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရန်၊ မျှော်မှန်း ထားသည့် ရည်မှန်းချက် ပန်းတိုင်ကို အောင်မြင်စွာရောက်ရှိနိုင်ရန်ဖြစ်ပြီး စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်နေမှုကိုလည်း ချုပ်ငြိမ်းစေရမည်ဟု ယုံကြည်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် တိုင်းရင်းသားလူမျိုး ပေါင်းစုံပါဝင်သည့် “ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်” တည်ထောင်ရန်နှင့် အုပ်ချုပ်ရေးတွင်လည်း သက်ဆိုင်ရာ အရပ်သားအစိုးရ၏ အုပ်ချုပ်ရေးကိုဝင်ရောက်စွက်ဖက်သွားမည်မဟုတ်ကြောင်းလည်း ဖော်ပြထားသည်။
စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခများတွင် သက်ဆိုင်သူများကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေနိုင်ရန်၊ ပြစ်ဒဏ်ချမှတ်နိုင်ရန်အတွက် အသွင်ကူးပြောင်း ရေးကာလ တရားမျှတမှု လုပ်ငန်းစဉ်များကိုလည်း ဦးစားပေး အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်းလည်း ဆိုထားသည်။
အဆိုပါရည်မှန်းချက်များကို တော်လှန်ရေးအဖွဲ့များအနေဖြင့် လက်ခံယုံကြည်ပြီး ရည်မှန်းချက်၊ စံတန်ဖိုးများကိုလမ်းလွဲစေသည့် နိုင်ငံရေးအခင်းအကျင်းများကို ငြင်းပယ်၍ တော်လှန်ရေးကိုပူးပေါင်းဆင်နွှဲနေသည့် တိုင်းရင်းသားပြည်သူများနှင့်အတူ နိုင်ငံရေးလုပ်ငန်းစဉ်များကို ရည်မှန်းချက်ပန်းတိုင်ရောက်သည်အထိ စုပေါင်းတာဝန် ယူမှုဖြင့် လုပ်ဆောင်သွားမည်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံစာ- NUG ယာယီသမ္မတ ဒူဝါလရှီးလက PDF တပ်ဖွဲ့ဝင်များအား သွားရောက်ကြည့်ရှုစဉ် (ပုံဟောင်း ၂၀၂၂ ခုနှစ်)