ဧရာဝတီတိုင်းမ်
သြဂုတ်လ ၆ ရက်
ရခိုင်က စစ်ရှောင်စခန်းတချို့မှာ မိုးအဆက်မပြတ်ရွာတာ၊မြစ်ရေ၊ချောင်းရေမြင့်တက်လာတာကြောင့် နေအိမ်တချို့ ရေမြုပ်လာလို့ ပြောင်းရွေ့နေကြရတယ်လို့ ဆိုကြပါတယ်။
အဲဒီလို စခန်းတွေမှာ ရေပြည့်နေတာဟာ တပတ်နီး ပါး ရှိပြီဖြစ်ပြီး အိမ်ထောင်စု ၆၀၀ ကျော်ရှိတဲ့ ကျောက်တော်မြို့နယ်၊ညောင်ချောင်းစခန်းမှာရေဆက်ပြည့်လာလို့ ပြောင်းရွေ့နေကြရပြီလို့ ဆိုကြပါတယ်။
“ရေက ကြမ်းပြင်ကို ထိနေပြီ။နေလို့ အဆင်မပြေလို့ ပြောင်းနေကြရတယ်။ ဒီလိုရေတွေမကျဘဲ ဆက်ပြီး တက်နေရင် တော်တော်အခက်အခဲပါ။”လို့ ညောင်ချောင်းစခန်းမှ စစ်ရှောင်တစ်ဦးက ပြောပါတယ်။
မြောက်ဦးမြို့နယ်၊တိမ်ညိုစစ်ရှောင်စခန်းမှာလည်း ရေပြည့်နေလို့ ကလေးတွေ သွားရလာရ အဆင်မပြေဖြစ်နေတယ်လို့ ဆိုကြပါတယ်။
“အိမ်တွေတော့ မမြှပ်သေးဘူး။လမ်းတွေအကုန်လုံး မြှပ်သွားပြီ။ရွေ့ရမလားဆိုပြီး စဉ်းစားနေကြပါတ ယ်။ကျရေကနည်းပြီး တက်ရေက များနေပါတယ်။ ကလေးတွေ ကျောင်းတက်ဖို့ မိဘတွေ ပို့နေရပါတ ယ်။ရေတက်တာ ငါးရက်လောက် ရှိပြီ။”လို့ တိမ်ညိုစခန်းမှ ဦးလပြည့်က ပြောပါတယ်။
စစ်ရှောင်စခန်းမြေနေရာတွေဟာ မြေနိမ့်ပိုင်းတွေဖြစ်ကြပြီး စခန်းထဲက လမ်းတွေဟာလည်း ရွံ့လမ်းတွေဖြစ်လို့ ပိုပြီး အခက်ကြုံကြရတယ်လို့ ဆိုကြပါတယ်။
“မိုးတအားရွာတယ်။ချောင်းရေကလည်း တက်တော့ ရေကြီးတာပါ။တက်နေတဲ့ရေက ခမ်းမသွားဘူး။”လို့ ညောင်ချောင်းစခန်းမှ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
ရခိုင်မှာ စစ်ဘေးရှောင်တစ်သိန်းနီးပါးရှိနေပြီး ပြီးခဲ့တဲ့ မိုခါမုန်တိုင်းကြောင့်လည်း အဲဒီစစ်ရှောင်တွေရဲ့ နေအိမ်တွေ အများစု ပျက်စီးခဲ့ကြရကာ နေရေး၊‌ စားရေး အခက်အခဲတွေနဲ့ ကြုံနေကြရပါတယ်။
(ဓာတ်ပုံ-ကျောက်တော်မြို့နယ်၊ညောင်ချောင်းစစ်ဘေးရှောင်စခန်းကိုတွေ့ရပုံ/ပေးပို့)
(ယခုသတင်းအား Ayeyarwaddy Times သတင်းဌာန၏မိတ်ဖက်ဖြစ်သည့် Border News Agency မှသတင်းကို ဖော်ပြခြင်း ဖြစ်ပါသည်။)