ဧရာဝတီတိုင်းမ်

(ချင်း)၊ ဩဂုတ် ၅ ရက်

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တွင် ဘုရားကျောင်းဝတ်ပြုခြင်းအစီအစဥ်နှင့် ပတ်သက်၍ စစ်ကောင်စီက ကန့်သတ်တားမြစ်လာခြင်းများကြောင့် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ပိုမိုဆုံးရှုံးခဲ့ရကြောင်းချင်းလူမှုအဖွဲ့အစည်းများထံမှ သိရသည်။

ခရစ်ယာန်ဘာသာဝင်အများဆုံးဖြစ်သော ချင်းပြည်နယ်တွင် စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် စစ်အုပ်ချုပ်ရေးကြေညာထားပြီးနောက် လူ ငါးဦးအထက်မစုရ၊ ဝတ်ပြုမည့်အစီအစဥ်အစီကို မြို့နယ်ထွေအုပ်ရုံးတွင် တစ်ပတ်ကြိုတင်ခွင့်ပြုချက်တင်ရမည်ဟု ဒေသအတွင်းတွင် အမိန့်ထုတ်ပြန်ခဲ့သည်။

” အာဏာသိမ်းပြီးနောက်မှာ ပိုဆိုးလာတာပေါ့။ ရှိပြီးသားဘုရားကျောင်းမှာ ဝတ်ပြုဖို့တောင်မှ သူတို့အနေနဲ့ ကန့်သတ်လာတာတွေရှိပါတယ်။ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ပွဲလမ်းသဘင်တွေကအစ စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ဆီမှာ ခွင့်ပြုစာ တင်ရတယ်” ဟု ချင်းရေးရာအဖွဲ့ချုပ်၊ လက်ထောက်ညွှန်ကြားရေးမှူးဆလိုင်းဗန်ဆွီးဆန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အာဏာမသိမ်းခင်ကာလတွင် ခရစ်ယာန်ဘာသာ၏ ဘုရားကျောင်းဆောက်ခြင်းနှင့် ဘာသာရေးပွဲလမ်းသဘင်ကျင်းပခြင်းများကို အခြားတိုင်းနှင့် ပြည်နယ်အချို့တွင်လည်း အာဏာပိုင်များနှင့် ဒေသခံများ၏ တားမြစ်ခြင်းများကိုလည်း ကြုံတွေ့နေရကြောင်းသိရသည်။

ယခင်က လွတ်လပ်စွာ ဘာသာရေးကိုးကွယ်ခွင့်အပြည့်အဝရရှိခဲ့သော ချင်းပြည်နယ်တွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက လုံခြုံရေးကို အကြောင်းပြ၍ ရရှိပြီးသား အခွင့်အရေးများကို ထပ်မံဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

” ဘုရားဝတ်ပြုခြင်းအစီအစဥ်ပြုလုပ်ပြီဆိုရင် လူ ငါး ဦးထက်မဖြစ်မနေကျော်မှာပဲ။ စစ်ကောင်စီက ကန်သက်လာပြီးတဲ့နောက်ပိုင်းမှာ ဘုရားကျောင်းတက်ရောက်လာတဲ့ လူဦးရေတွေ လျော့နည်းလာတယ်” ဟုဒေသခံသင်းအုပ်ဆရာတော်တစ်ပါးက ပြောသည်။

ဘာသာရေးနှင့်ပတ်သက်ပြီး ချင်းပြည်နယ်တွင် ထုတ်ပြန်ထားသော အမိန့်များသည် အခြေခံလူ့အခွင့်အရေး၏ တစ်စိတ်တပိုင်းဖြစ်သော လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်နှင့် လွတ်လပ်စွာ စုဝေးခွင့်တို့ကို စစ်ကောင်စီက တိုက်ရိုက်ချိုးဖောက်ခြင်းဖြစ်ကြောင်းချင်းလူ့အခွင့်အရေးအဖွဲ့စည်းထံမှ သိရသည်။

ချင်းပြည်နယ်ရှိ ခရစ်ယာန်ဘာသာဝင်များ၏ ဘုရာကျောင်းစုစုပေါင်း ၄၀ ခန့် ဖျက်ဆီးခံထားရပြီး ဘာသာရေးအဆောက်အအုံနှင့် သက်ဆိုင်သော အဆောက်အအုံ ၃၀ ကျော်ကိုလည်း စစ်ကောင်စီက ဖျက်ဆီးခဲ့ကြောင်းချင်းရေးရာအဖွဲ့ချုပ်၏ မှတ်တမ်းအရသိရသည်။

ဓာတ်ပုံ-ထန်တလန်မြို့တွင် မီးရှို့ဖျက်ဆီးခံထားရသော ဘုရားကျောင်းများ။

#ချင်းပြည်နယ် #အာဏာသိမ်းပြီးနောက် #ဘာသာရေးလွတ်လပ်စွာကိုးကွယ်ခွင့်မရ​ #ချင်းလူမှုအဖွဲ့အစည်းများကပြောဆို #Ayeyarwaddy_Times