ဧရာဝတီတိုင်းမ်

ဩဂုတ်လ ၄ ရက်

ဧရာဝတီတိုင်းတွင် ဩဂုတ်လ ၁ ရက်နေ့မှ ၃ ရက်နေ့ထိ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် နေအိမ်အလုံး ၁၀၀ ကျော် ပြိုကျပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

တိုင်းအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တွင် မြို့နယ် တော်တော်များများမှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်သည့် ဒဏ်ကို ခံခဲ့ရခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

” မအူပင်၊ ညောင်တုန်း၊ ပန်းတနော် အဲ့ဘက်တွေမှာ ပြိုကျတာများတယ်၊ ကျန်တဲ့ မြို့တွေမှာက အမိုးလန်တာများတယ်”လို့ တိုင်းမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

သြဂုတ်လ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတွင် လေပြင်းတိုက်ခတ်မှုကြောင့် မအူပင်မြို့နယ်တစ်မြို့နယ်ထဲကို နေအိမ် ၁၉ လုံး ပြိုကျပျက်စီးခဲ့ပြီး ကျန်တဲ့မြို့နယ်တွေကတော့ ၁၀ လုံးနှင့်အထက်ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြော်င်း ၎င်းမှဆက်လက်ပြောဆိုသည်။

ထို့ပြင် မအူပင်မြို့နယ်တွင် သြဂုတ်လ ၂ ရက်နေ့က မိုးကြိုးပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ဧရာဝတီတိုင်းတွင် ဇူလိုင်လနောက်ဆုံးပတ်မှ စတင်ကာ နေရာကွက်ပြီး မိုးကြီးလေပြင်းတိုက်ခတ်မှုများကြောင့် အမိုးလန်၊ ပြိုကျပျက်စီးသည့်နေအိမ် ၁၀၀ နီးပါးရှိလာပြီဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

ဓာတ်ပုံ – မီးသတ်တပ်ဖွဲ့

#ဧရာဝတီတိုင်း #လေပြင်းတိုက်ခတ်မှု #နေအိမ်များပြိုကျပျက်စီး #မိုးကြိုးပစ် #Ayeyarwaddy_Times