နွေဦးမောင် /ဧရာဝတီတိုင်းမ်

သြဂုတ်လ ၅ ရက်

ကရင်ပြည်နယ် အတွင်း မိုးအဆက်မပြတ် ရွာသွန်းနေပြီး သောင်းရင်းမြစ်ကြောင်း တစ်လျောက် ရေတက်နေသည့်အတွက် မြဝတီမြို့နယ်အတွင်း ရေဘေးရှောင် ကယ်ဆယ်ရေးစခန်း ငါးခုကို သြဂုတ်လ (၄)ရက်နေ့က စတင်ဖွင့်လှစ်ထားကြောင်း သတင်းရရှိသည်။

သြဂုတ်လ ၁ ရက်နေ့ကတည်းက မိုးဆက်တိုက်ရွာသွန်းနေသည့်အတွက် ရန်ကုန် မြဝတီလမ်းမကြီး လမ်းပိုင်းအချို့တွင် ရေလျှံနေပြီး အနိမ့်ပိုင်းရပ်ကွက်များတွင်လည်း ရေဝင်ရောက်မှု ရှိနေကြောင်း သိရသည်။

” လက်ရှိမှာတော့ ဖွင့်လှစ်ထားတဲ့ ရေဘေးရှောင် စခန်းတွေမှာ ရေကြီးနစ်မြုပ်တဲ့ ဒေသခံပြည်သူ ၇၉၂ ယောက်ရောက်နေတယ်။ စားရေးသောက်ရေးကိုတော့ ဒေသအုပ်ချုပ်ရေးဆိုင်ရာအဖွဲ့တွေက စီစဥ်ပေးနေပြီး မြို့ခံ ပရဟိတ အဖွဲ့တွေကလည်း အလွယ်တကူစားသောက်နိုင်တဲ့ ရေသန့် ခေါက်ဆွဲခြောက်တွေကိုလည်း လှူဒါန်းမှုတွေလုပ်ပေးနေကြပါတယ် ” ဟု မြဝတီမြို့ခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဆက်လက်၍ မိုးအဆက်မပြတ် ရွာသွန်းနေပါက မြစ်ရေထပ်မံတက်လာနိုင်သည့်အတွက် အနိမ့်ပိုင်းတွင် နေထိုင်သူများ အနေဖြင့် ရွှေ့ပြောင်းသင့်ကြောင်းလည်း ဒေသခံများက ဆိုသည်။

ကရင်ပြည်နယ်အတွင်းတွင် ဩဂုတ် လဆန်းရက်ကတည်းက မိုးအဆက်မပြတ် ရွာသွန်းနေသည့်အတွက် ဘာအံ နှင့် မြဝတီမြို့များတွင် ရေကြီးနစ်မြုပ်မှုများ ကြုံတွေ့နေရခြင်းဖြစ်သည်။

ဓာတ်ပုံ-မြဝတီမြို့ရေကြီးနစ်မြုပ်နေသည့်မြင်ကွင်း

#သောင်းရင်းမြစ်ရေ #စိုးရိမ်ရေအမှတ်ထက် #ကျော်လွန် #မြဝတီမြို့တွင် #ရေဘေးရှောင်စခန်းများဖွင့်လှစ်

#Ayeyarwaddy_Times