ဧရာ၀တီတိုင်းမ်
ဩဂုတ်လ ၅ ရက်
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အယုံကြည်ရဆုံး ပုဂ္ဂိုလ်ဖြစ်သည့် ကစထ ၁ မှ ဒုတိယ ဗိုလ်ချုပ်ကြီး တေဇကျော်ကို စစ်ကောင်စီတပ်က ဖမ်း ဆီးစစ်ဆေးနေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံ မှ သိရသည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)အမှတ်( ၁ ) စစ် ဆင်ရေးအထူးဖွဲ့မှူး(ကစထ ၁ မှူး)ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်ကို စစ်ကောင်စီတပ်က ဇူလိုင်လ နောက်ဆုံးပတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“မပခတိုင်းမှူး ကိုကိုမောင်အပါအ၀င် ဒုတိုင်းမှူးနဲ့အဖွဲ့ ကို ကစထမှူးတေဇကျော်ကိုယ်တိုင် ဆင်းစစ်သေး တယ်။ သိပ်မကြာဘူး သူ့ကိုပါ ဖမ်းထားတယ်‌ပြောတယ်။ သူတို့ကို တောင် မယုံကြည်တော့တဲ့ အနေ အထားပေါ့”ဟု စစ်ရုံးချုပ်နှင့် နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြော သည်။
စစ်ဆင်ရေးအထူးဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်သည် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်၏ အထူးလျှို့ဝှက်ခရီးစဉ်များတွင် လိုက်ပါနေရသူဖြစ်ပြီး အရေးကြီးခရီးစဉ်များကို လည်း ကြိုတင်စေလွှတ်ခံရသူ တစ်ဦးလည်းဖြစ်သည်။
စစ်ကောင်စီတပ်က အာဏာသိမ်းပြီး တစ်နှစ်အကြာတွင် တိုင်းမှူး ငါးဦးကို နေရာပြောင်းရွှေ့ခဲ့ပြီး ဖမ်းဆီးစစ်ဆေးခြင်းများ မရှိသေးဘဲ နှစ်နှစ်ကျော်ကာလတွင် တပ်တွင်းရှိ တိုင်းမှူး၊ ဒုတိုင်းမှူး၊ တပ်မမှူး၊ ဗျူဟာမှူးများကို အကြောင်းပြချက်အမျိုးမျိုးဖြင့် ဖမ်းဆီးစစ် ဆေးခြင်းများပြုလုပ်လာခြင်းဖြစ်သည်။
“ခုလိုတွေ ပြောင်းရွှေ့တာတွေ၊ ဖမ်းဆီးတာတွေရယ် အချို့ဆို အင်အားအလျော့ခံရတာတွေကိုပါ ကြည့်ရင် ကိုယ့်လူတွေကိုတောင် မယုံကြည့်တော့တာ သိသာပါ တယ်။ ခုအပြင်မှာပြောနေကြသလို တိုင်းမှူးတွေ လုပ် ငန်းရှင်တွေကို လာဘ်စားလို့ တရားမ၀င်လုပ်ငန်းတွေလုပ်လို့ အဖမ်းခံရတယ်ဆိုတာ တပ်ထဲမှာအရင်ကတည်းက အဲဒါမျိုးတွေရှိတယ်။ ခုကသူ(စစ်ခေါင်း ဆောင်) သံသယ၀င်တဲ့လူတွေအကုန်လုံးကို ဖယ်ချတဲ့ သဘောပဲ”ဟု CDM ဗိုလ်ကြီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ ကမ်းရိုးတန်းဒေသတိုင်းစစ် ဌာန ချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး၊ တနင်္သာရီ တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီး သိန်းလင်း၊ အမှတ် (၂၀)စစ်ဆင်ရေးကွပ်ကဲမှု ဌာန ချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ၀င်းကျော်သူတို့ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ သေးသည်။