
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၅ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီသည် အကြောင်းအမျိုးမျိုးပြ၍ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဟု ဆိုကာ ခြောက်လသက်တမ်း ထပ်တိုးယူခဲ့ပြီး ထိုအရာသည် ၎င်းတို့၏ လည်ပင်းတွင် စွပ်ထားသောကြိုးကို နောက်ထပ်တစ်ရစ်ကျပ်လိုက်ခြင်းပင်ဖြစ်သည်ဟု ဥပဒေ ပညာရှင် နှင့် လေ့လာသူများက ဆိုသည်။
စစ်ခေါင်းဆောင်သည် ၎င်းတို့သက်တမ်း ကုန်ဆုံးမည့် ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ- ၄၂၁(ခ) အရဟုဆိုကာ နေပြည်တော်တွင် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ)အစည်းအဝေး ခေါ်ယူ၍ နိုင်ငံတဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလအား ဩဂုတ်လ ၁ ရက်မှစ၍ နောက်ထပ်ခြောက်လ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
စစ်ကောင်စီသည် ၎င်းတို့စစ်တပ် ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ- ၄၁၇ နှင့် အခန်း (၁၁) ပါ ပြဌာန်းချက်များကို ဖောက်ဖျက်၍ အာဏာသိမ်းခဲ့ခြင်းကြောင့် ၎င်းတို့သည် နိုင်ငံ၏ အစိုးရတစ်ရပ် မဟုတ်သလို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက နိုင်ငံတော်၏ ကာကွယ်ရေးတပ်၊ နိုင်ငံ့ဝန်ထမ်းများ မဟုတ်တော့ဘဲ ရာဇသတ်ကြီးအပါအဝင် သက်ဆိုင်ရာဥပဒေများအားဖောက်ဖျက်ကျူးလွန်နေသည့် သူပုန်များသာဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့ရှေ့နေများ သမဂ္ဂအဖွဲ့ချုပ် -NPLUF မှ တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ပြောကြားသည်။
“ခြေဥကို ဖောက်ဖျက်ပြီး နောက်တစ်ကြိမ် ခြောက်လသက်တမ်း တိုးခဲ့တာကတော့ (ဗိုလ်ချုပ်မှူးကြီး)မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစ်စုတို့ဟာ မိမိတို့လည်ပင်းမှာ စွပ်ထားတဲ့ကြိုးကို နောက်ထပ်တစ်ရစ် ကျပ်လိုက်တဲ့ အခြေအနေပါ။ မူလကတည်းက ခြေဥပါ ပြဌာန်းချက်တွေကနေ သွေဖည်ပြီး နိုင်ငံတော်ကို ပုန်ကန်၊ ပြည်သူ့အာဏာကို ဓားပြတိုက်လုယူခဲ့တဲ့သူတွေက ရာဇဝတ်မှုတွေကို ဆက်ကာဆက်ကာ ကျူးလွန်နေ ခြင်းပဲ ဖြစ်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်က နိုင်ငံတော်အာဏာကို အဓမ္မလုယူခဲ့ပြီးနောက် အရေးပေါ်ကာလသက်တမ်း တစ်ခါ ကုန်ဆုံးတိုင်း အကြောင်းအမျိုးမျိုးပြ၍ ခြောက်လသက်တမ်း တိုးယူခဲ့သည်မှာ လေးကြိမ်တိုင် ရှိခဲ့ပြီဖြစ်သည်။
“ခြေဥကတော့ အာဏာသိမ်းလိုက်ကတည်းက ပျက်ပြီပြောနိုင်ပါတယ်။ သေချာ တာတော့ ခြေဥတည်တယ် ညီတယ်ဆိုတာနဲ့လည်း သူတို့အာဏာကို တည်ဆောက် နိုင်သလို ခြေဥပျက်ပြီဆိုရင်လည်း စစ်အုပ်ချုပ်ရေး ပီပီပြင်ပြင်ဖော်ဆောင်ပြီး ထိန်းချုပ်ဖို့ လုပ်မှာပါပဲ။ လုပ်လည်း လုပ်ခဲ့ဖူးပါတယ်။ အဲ့လို အာဏာထိန်းချုပ်နိုင်အောင် ၂၀၀၈ ခြေဥကို ရေးဆွဲပြဌာန်းထားခဲ့တာပါ။ ဘယ်လိုဖြစ်ဖြစ် သူတို့ရဲ့ narrative (စစ်တပ်မရှိရင် မြန်မာနိုင်ငံ ပြိုကွဲမယ်) ဆိုတာကို လက်ကိုင်ဆွဲထားပြီး အာဏာရှိနေဖို့ လုပ်ဖို့လိုအပ်တယ် ဆိုတာမျိုးကို ဆက်ကြိုးစားနေမှာ သေချာပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ကာ/လုံအစည်းအဝေးတွင် စစ်ကောင်စီတပ်နှင့် တော်လှန် ရေးအင်အားစုများအကြား တိုက်ပွဲများဖြစ်ပွားနေသည့် တိုင်းလေးတိုင်း (စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ဘက်၊ ပဲခူးတိုင်းအရှေ့ခြမ်းနှင့် တနင်္သာရီတိုင်း) နှင့် ပြည်နယ်သုံးခု (ကယား၊ ချင်း၊ ကရင်)မှ နေရာအချို့ကို ချန်လှပ်ကာ ရွေးကောက်ပွဲ ကျင်းပနိုင်ကြောင်း စစ်ခေါင်းဆောင်က ပြောခဲ့သည်။
“အဲ့လိုချန်လှပ်ပြီး ကျင်းပတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲ့ဒီလို ချန်လှပ်ပြီး ကျင်းပတာမျိုး NLD အစိုးရလည်း ၂၀၂၀ မှာ လုပ်ခဲ့ဖူးပါတယ်။ ချန်လှပ်ထားရမဲ့ နယ် အနည်းအများတွေအတွက် အငြင်းပွားစရာ ရှိနိုင်ပါတယ်” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောသည်။
စစ်ခေါင်းဆောင်အနေဖြင့် ရွေးကောက်ပွဲ မကျင်းပနိုင်သော အနေအထားသည် ၎င်းတို့ မထိန်းချုပ်နိုင်ခြင်းကို ပြသနေခြင်းဖြစ်ကာ ထိုကဲ့သို့ ဆက်လုပ်နေမည်ဆိုပါက စစ်ကောင်စီအင်အား ပြုန်းတီးရန်သာရှိကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။
ဓာတ်ပုံ – စစ်ကောင်စီ