ဇွဲနိုင်/ဧရာဝတီတိုင်းမ်

(ရေဖြူ) ၊သြဂုတ်လ ၅ ရက်

ထားဝယ် – ရန်ကုန် ပြည်ထောင်စုလမ်းမရှိ ကလိန်အောင် လမ်းပိုင်းအချို့တွင် ယမန်နေ့ ဩဂုတ် ၄ ရက်နေ့က ကားလမ်းများ ရေကျော်ကာ မော်တော်ကားများ ဖြတ်သန်းသွားလာ၍မရတော့ဘဲ လမ်းတွင် ပိတ်မိနေခဲ့ကြောင်း ယာဥ်မောင်းများထံကသိရသည်။

ရေဖြူမြို့နယ် ကလိန်အောင်မြို့ အမှတ် (၃) ရပ်ကွက်က ပြည်ထောင်စုကားလမ်းမကြီးနှင့် ရေပုံးကျေးရွာတို့တွင် ယနေ့ သြဂုတ်လ ၅ ရက်နေ့ နံနက် ၈ နာရီတွင် ရေများပြန်ကျနေ၍ ကားများပုံမှန်အတိုင်းဖြတ်သန်းသွားလာလို့ရနေပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“ခရီးသည် တစ်ဦးက ကံပေါက် နဲ့ ထားဝယ်ကို မနေ့က နေ့ချင်းပြန်သွားတာ။ရေကြီးနေလို့ ရေပုံးကျေးရွာမှာ ညအိပ်လိုက်ရတယ်။ဒီကနေ့မနက်ပိုင်း က ရေပြန်ကျသွား လို့ အခုမနက် မှ အိမ်ပြန်ရောက်တယ်”ဟု လမ်းတွင် ပိတ်မိနေသူ ကံပေါက် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကလိန်အောင်မြို့ သည် တောင်ကျချောင်းရေနှင့် ကလိန်အောင်ချောင်းရေတို့ကြောင့် ရေကြီးလေ့ရှိပြီး အနိမ့်ပိုင်း ရပ်ကွက်များဖြစ်သည့် အမှတ် (၂)၊ (၃) နှင့်(၄) ရပ်ကွက်များသည် မိုးကာလတွင် ရေကြီး ရေလျှံသည့် အခြေအနေများကို ကြုံတွေ့ရလေ့ရှိကာ​ နေအိမ်အောက်ထပ်များအထိရေမြုပ်လေ့ရှိကြောင်း မြို့ခံများထံက သိရသည်။

“အခုတော့ ရေနည်းနည်း ပြန်ကျနေပြီ ။ညကတော့ ရုတ်တရက် ရေကြီးလာလို့ ပစ္စည်းတွေ အပေါ်ထပ်ခိုးကို အားလုံးတင်လိုက်ရတယ်။ ၁ နာရီအတွင်းမှာ ရေက တစ်ပေလောက်အထိတောင်မြင့်တက်လာတာ။အခုရေ ကျသွားတော့ ရေကြီးတုန်းက နုံးတွေ ကျန်ခဲ့တယ် “ဟု အမှတ် (၃) ရပ်ကွက်မှာနေထိုင်တဲ့ မြို့ခံတစ်ဦးကပြောသည်။

ကလိန်အောင်မြို့တွင် ရေကြီးခြင်းမရှိသည်မှာ ၂ နှစ်ခဲ့ရှိပြီဖြစ်ပြီး ယခုနှစ်မှသာ ရေကြီးခြင်းကို ရုတ်တရက် ကြုံတွေ့ရခြင်းဖြစ်သည်။

တနင်္သာရီ တိုင်းတွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန် ရာနှုန်းပြည့် ရှိကြောင်း သြဂုတ်လ ၄ ရက် နေ့က မိုလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ယနေ့ဩဂုတ်လ ၅ နံနက်ပိုင်းက ကလိန်အောင် မြို့ တွင်ရေပြန်ကျသွားသည့်မြင်ကွင်း။

#ကားလမ်းများရေ #ထားဝယ်ရန်ကုန်ကလိန်အောင်လမ်းပိုင်း #ရေပြန်ကျ #ကားများပုံမှန်သွားလာနိုင် #Ayeyarwaddy_Times