
ခါမ်းပါတ်မြို့
သြဂုတ်လ ၅ ရက်
စစ်ကိုင်းတိုင်း၊ ခမ်းပတ်မြို့မှ စစ်ဘေးရှောင်လာသူအနက် လူဦးရေ ၂၀၀ ခန့် နေရပ်ပြန်လာနိုင်ပြီဖြစ်ကာ လူစုလူဝေးမလုပ်ကြရန်နှင့် လုံခြုံရေးသတိရှိကြရန် ဘာသာရေးခေါင်းဆောင်များက သတိပေးထားကြောင်းဒေသရင်းမြစ်များထံမှသတင်းရရှိသည်။
ရက်သတ္တပတ်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ကာ ခမ်းပတ်မြို့ခံ ပြည်သူ ၅၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး သြဂုတ်လ ၃ ရက်နေ့က စတင်ကာ ခမ်းပတ်မြို့ခံ ၂၀၀ ခန့် အသုတ်လိုက် နေရပ်ပြန်ဝင်နေကြပြီဟု ခမ်းပတ်ဒေသခံ စစ်ရှောင်တစ်ဦးက ပြောသည်။
” လူနည်းနည်းစီ နေရပ်ကို အသီးသီးပြန်နေကြပါပြီ။ အခုဆို လူ ၂၀၀ လောက် ခါမ်းပါတ်မြို့ထဲ ပြန်ရောက်နေကြပြီပေါ့။ တပ်ကုန်းနဲ့ နီးတဲ့ ရပ်ကွက် ၁ က လူတွေတော့ ဘယ်သူ့မှ မပြန်ရဲကြသေးဘူး။ ခမ်းပတ်-ကလေး လိုင်းကားတွေလည်း ပုံမှန်ပြေးဆွဲနေပါပြီ”ဟု ခမ်းပတ်စစ်ရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဇူလိုင် ၂၂ ရက်နေ့မှ စတင်ကာ ခမ်းပတ်မြို့အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုကာ ပစ်ခတ်တိုက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ခမ်းပတ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ခမ်းပတ်မြို့တွင်းရှိ နေအိမ်များကို မီးရှို့ခဲ့ကြပြီး သုံးထပ်တိုက် တစ်လုံးနှင့် နှစ်ထပ်တိုက် တစ်လုံးအပါအဝင် လူနေအိမ် ၁၄ လုံးခန့် ပျက်စီးဆုံးရှုံးခဲ့သည်။
“နေအိမ်တွေပျက်စီးဆုံးရှုံးမှုအပြင် ပစ္စည်းဥစ္စာဆုံးရှုံးမှုက သိန်း ၂၀၀ ကျော် ရှိမယ်ထင်ဗျ “ ဟု နေအိမ်မီးရှို့ခံရသူ ခမ်းပတ်မြို့ခံတစ်ဦးက ပြောသည်။
ခမ်းပတ်ခရစ်ယာန်ကောင်စီ (Khampat Christian Council-KCC) ၏ ကြားဝင် ညှိနှိုင်းပေးမှုဖြင့် အပြန်အလှန်ပစ်ခတ်မှုများ ရပ်စဲထားခြင်းဖြစ်ကာ နေရပ်ပြန်လာသူ ခမ်းပတ်ပြည်သူများအနေဖြင့်လည်း လူစုလူဝေးများ မလုပ်ကြရန်နှင့် လုံခြုံရေးသတိ အမြဲရှိပေးကြရန် KCC နှင့် စစ်ဘေးရှောင်ကူညီပေးသူများက သတိပေးပြောဆိုထားသည်။
ဓာတ်ပုံ-ပေးပို့
#နေရပ်ပြန်လာ #လူစုလူဝေးမလုပ်ကြရန် #လုံခြုံရေးသတိရှိကြရန် #ဘာသာရေးခေါင်းဆောင်များ #စစ်ဘေးရှောင်ကူညီသူများ #သတိပေး
#Ayeyarwaddy_Times