
ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊သြဂုတ်လ ၃ ရက်
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ စစ်ကောင်စီအခြေစိုက် ခမရ – ၅၆၁ တပ်ရင်းအပါအဝင် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံး နှင့် ရဲစခန်းတို့ကို PDF ပူးပေါင်းတပ်ဖွဲ့ကဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ထံက သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁ ရက် မွန်းလွဲ ၁ နာရီ ခန့်က ညောင်ပင်ကွင်းရွာ အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ-၅၆၁) ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဆိုပါနေ့ ည ၇ နာရီ ၃၅ မိနစ်ခန့်တွင် တနင်္သာရီ မြို့ပေါ် ရှိ စစ်ကောင်စီတပ်၏ စရဖ ရုံးနှင့် ရဲကင်းစခန်းတို့ကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။
“ကျွန်တော်တို့ PDF ပူးပေါင်း အဖွဲ့က တစ်နေ့တည်း စစ်ကောင်စီရဲ့ နေရာ သုံးခုကိုပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ ခမရ-၅၆၁ တပ်ရင်းပစ်ခတ်မှုမှာ ပြန်လည် ပစ်ခတ်ခဲ့တာမရှိဘူး။ မြို့ပေါ်က စရဖရုံး နဲ့ ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ရာမှာတော့ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်လောက်ဖြစ်ခဲ့တယ်။ သူတို့ဖက်က အထိနာ သွားတယ်။ နောက်ထပ်လည်း ကျွန်တော်တို့ ဘက်မလိုက်အဖွဲ့အနေနဲ့ ပူးပေါင်းအဖွဲ့တွေနဲ့အတူ ကောင်းမွန်တဲ့မစ်ရှင်တွေကို ဖော်ဆောင်ပြီး စစ်ကောင်စီတပ်တွကို အမြဲတိုက်ခိုက် သွားမှာဖြစ်တယ်” ဟု ဘက်မလိုက် ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီ တိုင်းမ်ကိုပြောသည်။
အဆိုပါ တိုက်ခိုက်မှု သုံးကြိမ်အတွင်း စစ်ကောင်စီတပ်သားများထိခိုက် သေဆုံးမှု ရှိသော်လည်း အတိအကျကိုမူ မသိရသေးကြောင်း ၎င်းက ဆိုသည်။
အဆိုပါနေရာ သုံးခု ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည်လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် တနင်္သာရီမြို့ရှိ ဒေသခံ နေအိမ်နှစ်လုံး ထိမှန် ပျက်စီးခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များဖြစ်တဲ့ ဘက်မလိုက် ပြောက်ကျား အဖွဲ့ (တနင်္သာရီ-ပ.က.ဖ) ၊တောင်ပံနီအဖွဲ့( တနင်္သာရီပ က ဖ) ၊မြိတ်ခရိုင်တပ်ရင်း(၂) ခွဲ(၁)(၂)တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ကြောင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ ၊ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့
#တနင်္သာရီအခြေစိုက်ခမရ၅၆၁တပ်ရင်း #စရဖရုံးနှင့်ရဲစခန်း #ပစ်ခတ်တိုက်ခိုက် #Ayeyarwaddy_Times