ဧရာဝတီတိုင်းမ်
သြဂုတ် ၃ ရက်
ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် ယမန်နေ့ သြဂုတ်လ ၂ရက် နံနက်ပိုင်းက ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးတပ်သားတစ်ဦးနှင့် အရပ်သားတစ်ဦးသေဆုံးကာ ဒေသခံတချို့ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
တွန်းဇံမြို့ ရဲစခန်းကို တွန်းဇံဒေသခံကာကွယ်ရေးတပ် CDF-Tonzang (CDF -တွန်းဇံ) ၊ CNA၊ PDA၊ CDF-KKG၊ CDF-Hualgoram (CDF-ဟွာလ်ငိုရမ်) ပူးပေါင်းတပ်ဖွဲ့များက သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး CDF-ဟွာလ်ငိုရမ် တပ်ဖွဲ့ဝင် တပ်သား တီဗွီလား ရမ်းချွမ်းနာ အသက်(၃၀)နှစ် သေဆုံးခဲ့ပြီး အခြားရဲဘော်သုံးဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသက်ဆိုင်ရာ တပ်ဖွဲ့များထံက သိရသည်။
တိုက်ပွဲဖြစ်နေစဥ်အတွင်း စစ်ဘေးရှောင်ရန် ဆိုင်ကယ်နှင့်ထွက်ပြေးလာသည့် ဒေသခံအရပ်သား ဦးမန်ရှမ်းကျင် အသက်(၂၇)နှစ်သည် ရဲစခန်းအနီးတွင် ကျည်ထိ မှန်ဒဏ်ရာဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၄င်း၏ အမျိုးသမီးနှင့် ကလေးနှစ်ဦး ဗုံးစထိမှန်ခဲ့ပြီး ဒဏ်ရာရရှိသူများကို ဆေးကုသနိုင်ရန် အခက်အခဲဖြစ်နေကြောင်း ဒေသခံများထံက သိရပါသည်။
“မနက်အစောကြီး ရဲစခန်းအထက် ဘက်ကုန်းပေါ်ကနေ သေနတ်သံတွေစကြားရတာပဲ။ အရပ်သားတွေလည်း ထိခိုက်မှုတွေရှိတယ်လို့ကြားတယ်။ ရဲစခန်းနဲ့ မနီးမဝေးမှာနေတဲ့ ဦးမန်ရှမ်းကျင်တို့မိသားစုလည်း သေနတ်သံတွေကြားတော့ တစ်မိသားစုလုံး ဆိုင်ကယ်နဲ့ထွက်ပြေးဖို့ လုပ်ကြတာ။ ရဲစခန်းနားအရောက် သေနတ်မှန်ပြီး သူကတော့ ပွဲချင်းပြီးသေသွားတယ်။ သူ့မိန်းမလည်းသေနတ်မှန်ပြီး ဒဏ်ရာရထားတယ်။ သူ့ကလေးနှစ်ယောက်လည်း ဗုံးစထိမှန်ထားတယ်။ တစ်ခြားထိခိုက်ထားတဲ့ အရပ်သားတွေလည်း ရှိသေးတယ်ဗျ။ လောလောဆယ်တော့ ဒဏ်ရာရသူတွေကို ဆေးရုံမပို့နိုင်သေးဘူး” ဟု တွန်းဇံမြို့မှ စစ်ဘေးရှောင်လာသူ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
တွန်းဇံမြို့ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများ ရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
တိုက်ပွဲမဖြစ်ပွားခင် ဇူလိုင်လ နောက်ဆုံးပတ်က တွန်းဇံမြို့ရှိ ဒေသခံပြည်သူများ ရှောင်တိမ်းကြရန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးခဲ့ပြီး တွန်းဇံမြို့နှင့်အနီးနား ကျေးရွာများမှ ဒေသခံဦးရေ ၅,၀၀၀ခန့် စစ်ဘေးရှောင်နေရသည်။
ပုံစာ – CDF Tonzang ၊ တွန်းဇံမြို့မြင်ကွင်း