နိုင်မင်းလွင်/ဧရာ၀တီတိုင်းမ်
ဩဂုတ် ၃ ရက်
“ဘာနိုင်ငံရေး အပြောင်းအလဲမှ မဟုတ်ဘူး။ ကျေးဇူး တင်စရာလည်းမရှိဘူး။ ဘာမှလည်း မျှော်လင့်နေစရာမရှိဘူး။ အဓိက နိုင်ငံရေး အပြောင်းအလဲဆိုတာ တော်လှန်ရေး အင်အားစုတွေ ညီညီညွတ်ညွတ်နဲ့ ဒီစစ်အုပ်စု အမြန်ဆုံးပြုတ်ချနိုင်ဖို့၊ တိုက်ထုတ်နိုင် ဖို့အတွက်ပဲ အရေးကြီးတယ်။ဒီစစ်အုပ်စု ရှိနေတယ်ဆို ကတည်းက ဘာမှအပြောင်းအလဲဖြစ်စရာ အကြောင်းမရှိဘူး” (AAPP-တာဝန်ရှိသူတစ်ဦး)
အာဏာသိမ်း စစ်ကောင်စီသည် ပြီးခဲ့သည့် ဝါဆိုလပြည့်နေ့က (သြဂုတ်လ ၁ ရက်) ၎င်းတို့အကျဉ်းထောင်များတွင် ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသည့် နိုင်ငံရေးအကျဉ်းသား အနည်းငယ်အပါအဝင် အကျဉ်းသား ၈၀၀၀ နီးပါးကို လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး အမှုရင်ဆိုင်နေရဆဲ အကျဉ်းသားများကိုလည်း ပြစ်ဒဏ် လျော့ပေါ့ပေးမှုများ၊ ပြန်လည်လွှတ်ပေးခြင်းများ ပြုလုပ်ခဲ့သည်။
စစ်ကောင်စီက ထိုသို့ ပြစ်ဒဏ်လျော့ပေါ့၊ ပြန်လည်လွှတ်ပေးခြင်းနှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-AAPP မှ တာဝန်ရှိသူ တစ်ဦးအား ဧရာ၀တီတိုင်းမ်သတင်းဌာန အကြီးတန်းသတင်းထောက် နိုင်မင်းလွင်က ဆက်သွယ်မေးမြန်းထားသည်။
ဧရာ၀တီတိုင်းမ်(AT) ။ ။ စစ်ကောင်စီက လွတ်ငြိမ်းဆိုပြီး အကျဉ်းသား ၇၇၄၉ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ဦးပါလာတယ်လို့ သိထားပါသလဲ။ ပြန်လွတ်လာတဲ့ နိုင်/ကျဉ်းတွေကလည်း လွတ်ဖို့က လပိုင်းသာ လိုတော့တယ်ဆိုတော့ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ဆောင်တယ်လို့ ထင်မြင်မိပါသလဲ။
AAPP ။ ။ ဟုတ်ကဲ့။ ဩဂုတ်လ ၁ ရက်နေ့မှာ စစ်အုပ်စု(စစ်ကောင်စီ)ကနေပြီးတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းသား ၇၀၀၀ ကျော်ကို လွှတ်ပေးတယ်ဆိုပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာတယ်။ တချို့ သေဒဏ်ကနေပြီး တစ်သက်တစ်ကျွန်း ပြောင်းလိုက်တဲ့၊ ပြစ်ဒဏ်လျော့ပေါ့တဲ့ဟာတွေလည်း ကြေညာသလို သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပြစ်ဒဏ်အချို့ကို လျော့ပေါ့လိုက်တယ်ဆိုတာကို ကြေညာတယ်ပေါ့ဗျာ။ အဲဒီထဲမှာမှ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ဩဂုတ် ၂ ရက် ညနေပိုင်းအထိ ကျွန်တော်တို့သိထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေ အရဆိုရင် တော့ ၂၀၀ ဝန်းကျင်တော့ ရှိသွား ပြီပေါ့နော်။
စစ်အုပ်စုက လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အခါမှာ နိုင်ငံရေး အကျဉ်းသား ဘယ်နှစ်ယောက်ပါတယ်၊ နိုင်ငံရေးအကျဉ်းသား ဘယ်သူတွေ လွှတ်တယ်ဆိုတာမျိုးကို ဘယ်သောအခါမှ ကြေညာပေးခြင်း မရှိဘူး။ သူတို့က အရေအတွက် ဘယ်လောက်လွှတ်လိုက်တယ် ဆိုတာကိုပဲ ကြေညာတယ်။ အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ယောက်ပါမယ် ဘာညာဆိုတာ မကြေညာဘူး။ အဲလိုပဲ လက်ရှိအချိန်မှာ နိုင်ငံရေးအကျဉ်းသား ၂၀,၀၀၀ လောက်က အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျခံနေရတာဖြစ်တယ်။။ အဲဒီတော့ အဲလိုမျိုး နိုင်ငံရေးအကျဉ်းသား ၂၀,၀၀၀ လောက် အကျဉ်းကျခံနေရတယ် ဆိုတာကိုလည်း စစ်အုပ်စုက အမြဲတမ်းငြင်းပယ်တယ်။ နိုင်ငံရေး အကျဉ်းသားဆိုတာ မရှိဘူးလို့ဘဲ တောက်လျှောက်ငြင်းပယ် ခဲ့တယ်။ အဲ့ဒီလိုပဲ လွှတ်ပေးတဲ့အခါမှာ လည်း ဘယ်သူတွေပါတယ်၊ ဘယ်နှစ်ယောက် လွှတ်ပေးလိုက်တယ် ဆိုတာမျိုးကို သူတို့တိတိကျကျ စာရင်းထုတ်ပြန်တာ မရှိဘူး။ အမြဲတမ်း လျှို့ဝှက် ထားတယ်။ ပွင့်လင်းမြင်သာမှုလည်း မရှိဘူး။
နောက်တစ်ခုက လွှတ်ပေးလိုက်တဲ့ထဲမှာဆိုရင်လည်း နောက်ထပ်လပိုင်းလောက် နေလိုက်လို့ရှိရင် လွတ်မယ့် နိုင်ငံရေးအကျဉ်းသားတွေ၊ ထောင်အခေါ်ဆိုရင်တော့ လွတ်နီး တွေပေါ့နော်။ လွတ်နီးတွေကို ရွေးပြီးတော့ လွှတ်ပေးလိုက်တာ ဖြစ်တယ်။ ဘာ ရည်ရွယ် ချက်တွေနဲ့ လွှတ်သလဲဆိုတော့ ကျွန်တော်တို့ Statement ထဲမှာ ပြောထားသလိုပဲ။ ဒါက နိုင်ငံတကာ ဖိအားတွေကို လျော့ကျဖို့အတွက် နိုင်ငံတကာကို လှည့်စားလိုက်တဲ့ လှည့်ကွက်တစ်ခုပဲ ဖြစ်တယ်။
အဲဒီတော့ စစ်အာဏာရှင် အဆက်ဆက်က နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံတကာနဲ့ နိုင်ငံတကာ ဖိအားတွေပေါ်မှာ ကစားနိုင်ဖို့အတွက်ကို နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံအဖြစ် ဖမ်းထားတာဖြစ်တယ်။ နောက် နိုင်ငံရေး အကျဉ်းသားဆိုတာက ဘယ်တုန်းကမှ အဖမ်းမခံသင့်ဘူး၊ ထောင်ထဲရောက် နေစရာ မလိုတဲ့သူတွေကို ဖမ်းထား တာဖြစ်တယ်။ အဲဒီတော့ ဘယ်တုန်းကမှ မဖမ်းသင့်တဲ့ သူတွေကို လွှတ်ပေးလိုက်တာ ဖြစ်တယ်ပေါ့နော်။ ဘာမှသိပ်ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ဘူး။ ဆိုတော့ စစ်အုပ်စုကနေ နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံအဖြစ် ဖမ်းဆီးထားတာ ဖြစ်တဲ့အတွက်ကြောင့် စစ်အုပ်စုသည် အကြမ်းဖက်ပြန်ပေးသမားတွေရဲ့ လုပ်ရပ်အတိုင်းပဲ သူတို့ လုပ်ဆောင် နေတာ ဖြစ်တယ်ပေါ့နော်။ ဒါကြောင့်မို့ သူတို့က ပြန်ပေးသမားတွေနဲ့ ဘာမှမထူးတဲ့ လက်နက်ကိုင်ထားတဲ့ လူရမ်းကားတစ်စု၊ အကြမ်းဖက်သမားတစ်စုလို့ပဲ ကျွန်တော် တို့က သုံးသပ်တယ်။ ဒီအကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်က နိုင်ငံတကာကို အလဲအလှယ် လုပ်နိုင်ဖို့အတွက်၊ အပေးအယူလုပ်နိုင်ဖို့အတွက် ကစားလိုက်တဲ့ ကစားကွက် တစ်ခုပဲလို့ ကျွန်တော်အနေနဲ့ သုံး သပ်ပါတယ်။
AT။ ။ စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကိုယ်ရေးအချက်အလက် အထောက် အထားတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခဲ့ခြင်းမရှိတာ ဘာကြောင့်လို့ ထင်မိပါသလဲ။
AAPP ။ ။ ခုနက ကျွန်တော်ပြောတဲ့အထဲမှာ ပါသွားပြီးပါပြီ။ ဘယ်တော့မှ သူတို့က (စစ်ကောင်စီ) နိုင်ငံရေးအကျဉ်းသားဆိုတာကို လက်မခံထားဘူးပေါ့နော်။ လုံးဝလက် မခံဘူး၊ ဝန်ခံထားတာ မရှိဘူး။ နိုင်ငံရေးအ ကျဉ်းသား ၂၀,၀၀၀ လောက်က အကျဉ်းထောင်တွေထဲမှာ ရှိနေတယ်။ ဒါကိုလည်း သူတို့က နိုင်ငံရေးအကျဉ်းသားအဖြစ် လက်မခံထားဘူး။ ဒါက သူတို့တွေရဲ့ လုပ်ရိုးလုပ်စဉ်ပဲ ဖြစ်တယ်ပေါ့နော်။ ဘယ်တော့မှ ပွင့်လင်း မြင်သာမှုရှိရှိနဲ့ သူတို့ ထုတ်ပြန်တာမျိုး မရှိပါဘူးဗျ။
AT ။ ။ သမ္မတနဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ကို ပြစ်ဒဏ်အချို့ လျော့ပေါ့ပေးတယ်ဆိုပြီး ထုတ်ပြန်တယ်။ ဘာကြောင့်လို့ ထင်မြင်သုံးသပ်မိပါသလဲ။
AAPP ။ ။ဒါကလည်း ခုနကပြောသလိုပါပဲ။ နိုင်ငံတကာ ဖိအားတွေကို လျော့ကျဖို့ အတွက် သူတို့က (စစ်ကောင်စီ) သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြစ်ဒဏ် လျော့ပေါ့ပေးလိုက်တယ်၊ သူတို့ကပဲ စိတ်စေတနာရှိသလိုလို ဘာလိုလို။ တကယ်တော့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စပြီးဖမ်းတဲ့အချိန်ကတည်းက ဒါဟာလုံးဝ မဖမ်းသင့်တဲ့ လူတွေ။ နောက်စစ်အုပ်စုဆိုတာလည်း ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာကတည်းက တိုင်းပြည်အာဏာကို လက်နက်အားကိုးပြီးတော့ မတရားလုယူထားတဲ့သူတွေ ဖြစ်တယ်။ အဲဒီတော့ အခုလည်းဒါက နိုင်ငံတကာဖိအားတွေ၊ ပြည်တွင်း တော်လှန်ရေး အင်အားစုတွေ ပြိုကွဲစေဖို့အတွက်၊ ပြည်တွင်းဖိအားတွေ နိုင်ငံတကာ ဖိအားတွေကို လျော့ကျနိုင်ဖို့အတွက် ဓားစာခံ၊ အလဲအလှယ် ပုံစံမျိုးနဲ့ ဒီလိုမျိုး လုပ်ရပ်တွေကို လုပ် နေတာပဲဖြစ်တယ်။
AT ။ ။ စစ်ကောင်စီက အခုလို အကျဉ်းသားတွေ လွှတ်ပေးပြီးနောက်ပိုင်း နိုင်ငံရေး အပြောင်း အလဲတွေကို လုပ်ဆောင်လာနိုင်လား။
AAPP ။ ။ စစ်အုပ်စုက သူတို့ ဖမ်းထားပြီးကတည်းက သူတို့ လိုရင်လိုသလိုမျိုး အမြဲတမ်းသူတို့ ပြစ်ဒဏ်တွေ လျော့ပေါ့လိုက်၊ နောက် လွတ်ငြိမ်းသက်သာခွင့်တွေ ပေးလိုက်၊ သူတို့ အန္တရာယ်မရှိလောက်ဘူး ဆိုတဲ့ လူတွေကို လွှတ်ပေးလိုက် ဒီလိုမျိုးတွေကို ၂၀၂၁ ကတည်းက တောက်လျှောက်လုပ်လာတာ။ ဒီ ၂ နှစ်ကျော် ကာလအတွင်းမှာ ဒီလိုလုပ်ခဲ့တာပဲ။ ဘာနိုင်ငံရေး အပြောင်းအလဲမှ မဟုတ်ဘူး။ ကျေးဇူး တင်စရာလည်းမရှိဘူး။ ဘာမှလည်း မျှော်လင့်နေစရာ မရှိဘူး။ အဓိက နိုင်ငံရေး အပြောင်းအလဲဆိုတာ တော်လှန်ရေးအင်အားစုတွေ ညီညီညွတ်ညွတ်နဲ့ ဒီစစ်အုပ်စု အမြန်ဆုံးပြုတ်ချနိုင်ဖို့၊ တိုက်ထုတ်နိုင်ဖို့အတွက်ပဲ အရေးကြီးတယ်။ ဒီစစ်အုပ်စု ပြုတ်ချမှ ကျန်တဲ့အပြောင်းအလဲတွေဆိုတာဖြစ်မယ်။ ဒီစစ်အုပ်စု ရှိနေတယ်ဆို ကတည်းက ဘာမှအပြောင်းအလဲဖြစ်စရာ အကြောင်းမရှိဘူး။
AT ။ ။ ယခု စစ်ကောင်စီရဲ့ လွတ်ငြိမ်းအပေါ် AAPP အနေနဲ့ ဘယ်လိုရှုမြင်မိပါသလဲ။
AAPP ။ ။ အဲဒီတော့ အခုလွတ်ငြိမ်းချမ်းသာခွင့်မှာ လွတ်လာတဲ့ ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ဝမ်းမြောက်ဝမ်းသာနဲ့ ကျွန်တော်တို့အနေနဲ့ ကြိုဆိုတယ်။ လွတ်မြောက်လာတဲ့ သူတွေအတွက်လည်း အရမ်းဝမ်းသာတယ်။ ဒါပေမယ့်လည်း ဘယ်တုန်းကမှ မဖမ်းသင့်တဲ့လူတွေ၊ အကျဉ်းထောင်ထဲ မရောက်သင့် တဲ့လူတွေ၊ အကျဉ်းထောင်ထဲ ရောက်နေရာကနေပြီးတော့ အကျဉ်းထောင်တွေကနေ အကျယ်ထောင်ကို ပြန် ရွှေ့ပေးလိုက်တဲ့ကိစ္စက ကျွန်တော်တို့ စစ်အုပ်စုကို ဘာကျေးဇူးမှ တင်စရာအကြောင်းမရှိဘူး။၊ ဘဘဦးဝင်းတင် ပြောခဲ့သလိုပဲ စစ်အာဏာရှင်တွေရဲ့ ကျေးဇူးဟာ မူးလို့ရှူစရာ တပြားမှမရှိဘူး။ စစ်အာဏာရှင်တွေရဲ့ ကျေးဇူးဟာ ကျွန်တော်တို့ ပြည်သူအပေါ်မှာ တပြားမှမရှိဘူး။
ဒီလိုမျိုး လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့အတွက် လွတ်မြောက်လာတဲ့ သူတွေအနေနဲ့လည်း ဒီအချိန်မှာ အကျဉ်းထောင်ကနေပြီးတော့ အကျယ်ထောင်ထဲကို ရောက်လာတယ်။ သူတို့တွေနောက်ထပ် ပြန်လည်အဖမ်းဆီး မခံရဖို့ အတွက်လည်း သတိထားပြီးတော့ နေကြရမယ်ပေါ့။ ရှေ့မှာလည်း လွတ်ငြိမ်းချမ်းသာနဲ့ လွတ်လာတယ်၊ မကြာခင်မှာပဲ ပြန်လည် ဖမ်းဆီးခံရတဲ့ သာဓကတွေရှိနေတယ်။ ဒါကြောင့်မို့ လွတ်မြောက်လာတဲ့ သူတွေအနေနဲ့ ကျန်းမာရေး ဂရုစိုက်ပြီးတော့ ကိုယ့်လုံခြုံရေးကို သတိနဲ့နေဖို့၊ ဒီစစ်အုပ်စုကို လုံးဝမယုံကြည်ဖို့ပေါ့နော်။ သေချာတာကတော့ ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ဖို့၊ ကျွန်တော်တို့ ပြည်သူတွေ၊ ညှင်းပန်းနှိပ်စက်ခံနေရတဲ့ ပြည်သူတွေ စစ်ကျွန်ဘဝကနေ အမြန်ဆုံး လွတ်မြောက်ဖို့ရာ ကျွန်တော်တို့ နွေဦးတော်လှန်ရေး အောင် မြင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့်မို့ နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက် အဖက်ဖက်ကနေပြီးတော့ ဝိုင်းဝန်းကူညီ ပံ့ပိုးပေးကြဖို့ကိုလည်း ကျွန်တော်အနေနဲ့ ပြောချင်တယ်။ လွတ်ငြိမ်း ချမ်းသာခွင့်အတွက်က ဘာ မှပြောစရာ အကြောင်းမရှိပါဘူး။
AT ။ ။ AAPP က ပြုစုထားတဲ့ အပြစ်မဲ့ပြည်သူပေါင်း ၂၄,၁၃၀ ဦးကို မတရား ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီက ငြင်းဆိုနေတာ ဘာကြောင့်လို့ မြင်မိပါသလဲ။ အဲ့ဒီအတွက် ဘာတွေများ ဆက်လက်လုပ်ဆောင်သွားဖို့ရှိမလဲ။
AAPP ။ ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဘာမှပြောစရာ မရှိပါဘူး။ ကျွန်တော် ခုနက ပြောခဲ့သလိုပါပဲ။ ဒီလူတွေအားလုံး လွတ်မြောက်ဖို့အတွက်၊ စစ်ကျွန်ဘဝကနေ လွတ်မြောက်ဖို့အတွက် နွေဦးတော်လှန်ရေး အောင်မြင်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ Target သည် နွေဦးတော်လှန်ရေး အောင်မြင်ဖို့ပဲဖြစ်တယ်။ နွေဦး တော်လှန်ရေး အောင်မြင်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီး ပေါ်ပေါက် လာဖို့အတွက် အင်မတန်အရေးကြီးတယ်။ ဒီဟာကိုပဲ ကျွန်တော်တို့ ဦးတည်ပြီး ထားတယ်။ ကျန်တဲ့ကိစ္စတွေကတော့ ဒီစစ်အုပ်စုကို တိုက်တွန်းတာတို့ ဘာတို့ညာတို့က ကျွန်တော်တို့လုပ်စရာ အကြောင်းမရှိဘူး။ လုပ်မှာလည်း မဟုတ်ဘူးပေါ့နော်။ ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေ ခံစားခဲ့ရတဲ့ဒုက္ခတွေ၊ ပြည်သူတွေ ခံစားခဲ့ ရတဲ့ဒုက္ခတွေ၊ ပေးဆပ်ခဲ့ရတဲ့ ဘဝတွေ လုံးဝအလဟဿ မဖြစ်စေဖို့၊ မဖြစ်ဖို့အတွက် ကတော့ ကျွန်တော်တို့ ရဲရဲကြီးအာမခံတယ်။ ကျွန်တော်တို့ အသက်ရှင်နေသရွေ့ ဒီစစ်အုပ်စု ပြုတ်ချရေးအတွက် အခြားသောတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်း လက်တွဲပြီးတော့ ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်။ ဒီတော့ မတရားခံစားခဲ့ရတဲ့ ကျွန်တော်တို့ ပြည်သူတွေအတွက် တရားမျှတမှု ပြန်လည်ရရှိဖို့အတွက်ကိုလည်း ကျွန်တော်တို့ တတ်နိုင်တဲ့နေရာကနေပြီးတော့ ကြိုးစားအားထုတ်သွားမှာ ဖြစ်တယ်။ ကျွန်တော်တို့ ပြည်သူကို မတရားဖိနှိပ်ချုပ်ချယ် ညှင်းပန်းနှိပ်စက်နေတဲ့ စစ်ခေါင်းဆောင် တွေအပါအဝင် သူတို့ရဲ့ လက်ပါးစေတွေကိုလည်း တစ်ချိန်မှာ သူတို့နဲ့ထိုက်တန်တဲ့ ပြစ်ဒဏ်တွေ ပေးနိုင်ဖို့အတွက် ကျွန်တော်တို့ စွမ်းအားရှိသလောက် ကြိုးစားပြီးတော့ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။
AT ။ ။ စစ်ခေါင်းဆောင်က ခြောက်လတစ်ကြိမ် သက်တမ်းအလီလီ တိုးယူနေတာ ဘယ်လိုမြင်ပါသလဲ။ သူတို့ (စစ်ကောင်စီ)ပြောတဲ့ ရွေးကောက်ပွဲ လုပ်လို့ရတယ် ဆိုတဲ့ အပေါ်ကော သုံးသပ် ပေးပါဦး။
AAPP ။ ။ ခြောက်လခြောက်လစီ သက်တမ်းတိုးနေတဲ့ အပေါ်မှာလည်း ပြောစရာမရှိပါဘူး။ ဒါကလည်း သူတို့(စစ်ကောင်စီ) လုပ်ထုံးလုပ်နည်းအတိုင်း သူတို့ဟာသူတို့ လုပ်နေတာဖြစ်တယ်။ ဘာမှကိုပြောစရာ မရှိပါဘူး။ နောက်တစ်ခု ကတော့ သူတို့လုပ်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း ဘာမှတ်ချက်မှ ပေးစရာမရှိပါဘူး။ ဘာကြောင့်လည်းဆိုတော့ အဲဒီရွေးကောက်ပွဲသည် ကျွန်တော်တို့ လုံး ဝအသိအမှတ် မပြုထားတဲ့၊ ပြည်သူတွေလည်း အသိအမှတ်မပြုဘူး၊ နိုင်ငံတကာ ကလည်း အသိအမှတ်မပြုထားတဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကြောင့်၊ ရွေးကောက်ပွဲ ပျက်မှာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့အ နေနဲ့ ဘာမှတ်ချက်မှ ပေးစရာမရှိပါဘူး။
AT ။ ။ AAPP အနေနဲ့ ဖြည့်စွက်ပြောလိုတာရှိရင် ပြောကြားပေးပါဦး။
AAPP ။ ။ မရှိတော့ပါဘူးဗျ။