ဧရာဝတီတိုင်းမ်

(ကနီ)၊ ဩဂုတ်လ ၃ ရက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ယနေ့ဩဂုတ်လ ၃ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်က စစ်ကောင်စီလက်အောက်ခံ ကနီမြို့မ ရဲစခန်းမှူးထွန်းမြင့်၏ မွေးနေ့ပွဲကျင်းပနေစဉ် ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂၊ ၂၃ KLG-PDF မှ ဒရုန်း(မောင်းသူမဲ့လေယာဉ်)ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကနီမြို့မ ရဲစခန်းမှူးထွန်းမြင့်၏ မွေးနေ့ပွဲကို ကနီရဲစခန်းအချုပ်ခန်းဘေးတွင် ပြုလုပ်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့မှ ဒရုန်းဖြင့်ဗုံးသီး လေးလုံးချတိုက်ခိုက်ခဲ့ရာ စခန်းမှူးထွန်းမြင့်နှင့် နယ်ထိန်းဆန်းဌေးတို့ နှစ်ဦးသေဆုံးခဲ့ပြီး မြို့နယ်မှူး၊ ရဲမေတစ်ဦးနှင့်ရဲမိသားစုဝင်နှစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

“ကနီမြို့နယ်စခန်းမှူးရဲ့ မွေးနေ့ပွဲရှိတယ်လို့ ကျွန်‌တော်တို့ သတင်းရတဲ့အတွက် ဒရုန်းနှစ်စင်းနဲ့ နှစ်ခေါက်ပြန် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ခင်ဗျ။ မွေးနေ့က ရဲစခန်းဝန်းထဲမှာရှိတဲ့ အချုပ်ခန်းဘေးက မြေပြင်ထဲမှာပြုလုပ်တာ။ အဲ့ဒီအပေါ်ကိုကျရော‌က်ပေါက်ကွဲသွားပြီး နှစ်ယောက်သေတယ်။ မြို့နယ်မှူး၊ ရဲမေ၊ ဒုရဲအုပ်ရဲ့သားတစ်ယောက်နဲ့ ရဲတစ်ယောက် ဒဏ်ရာပြင်းထန်တယ်လို့ သတင်းရတယ်” ဟု ကျောက်လုံးကြီး KLG-PDF တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ ရဲစခန်းတိုက်ခိုက်ခံရမှုကြောင့် ကနီမြို့တွင်းလုံခြုံရေးတင်းကျပ်ထားပြီး ဈေးသည်များ မြို့အတွင်း သို့ဝင်ရောက်ခွင့် ပိတ်ပင်ထားကြောင်း သိရသည်။

ကျောက်လုံးကြီးPDFနှင့် ပူး‌ပေါင်းအဖွဲ့များသည် ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့က ယင်းမာမြို့နယ်ရှိ ဘန့်ဘွေးပျူရွာတွင် စခန်းချနေသည့် စစ်ကောင်စီတပ်သားများ နေထိုင်ရာ အိမ်နှင့် စခန်းများကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ – KLG PDF

#ကနီမြို့မရဲစခန်း #မွေးနေ့ပွဲကျင်းပ #ဒရုန်းတိုက်ခိုက်ခံရ #စခန်းမှူးသေဆုံး #KLGPDF #Ayeyarwaddy_Times