ဧရာဝတီတိုင်းမ်
(သာယာဝတီ)၊ ဩဂုတ်လ ၃ ရက်‌
ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သာယာဝတီအကျဉ်းထောင်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့်အာဇာနည်နေ့ အထိမ်းအမှတ်ပွဲပြုလုပ်ခဲ့သည့် နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသား ၃၀ ကျော်ကို ထောင်ဝန်ထမ်းများက ရိုက်နှက်ညှင်းပန်း နှိပ်စက်၍ တိုက်ပိတ်အကျဉ်းချထားကြောင်း သာယာဝတီအကျဉ်း ထောင်နှင့် နီးစပ်သူထံ ကသိရသည်။
သာယာဝတီထောင်တွင် နိုင်ငံ‌ရေးပုဒ်မအသီးသီးဖြင့် ထောင်ဒဏ်များချမှတ်ခံထားရသည့် နိုင်ငံရေး အကျဉ်းသူ ၁၈ ယောက်နှင့် နိုင်ငံရေးအကျဉ်းသား ၁၆ ယောက်တို့ကို အာဇာနည်နေ့ အထိမ်းအမှတ်အနေဖြင့် ဖဲကြိုးနက်တပ်ဆင်လှုပ်ရှားမှုပြုလုပ်သည်ဟုဆိုကာ ရိုက်နှက်နှိပ်စက်၍ တိုက်ပိတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
“တိုက်ပိတ်ခံထားရတာ အမျိုးသမီးတွေတင်မကဘူး။ အမျိုးသားတွေလဲပါတယ်။ အဓိကကတော့ အာဇာနည်နေ့အထိမ်းအမှတ်အနေနဲ့ ဖဲကြိုးနက် တွေရင်ဘတ်မှာ တပ်ဆင်ကြတာရယ်၊ ဥဩဆွဲတဲ့အချိန်မှာ အလေးပြု ကြတာရယ်ကြောင့် ခုလိုရိုက်နှက်ခံရတာလို့ သိရတယ်” ဟု သာယာဝတီထောင်တွင် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရိုက်နှက်နှိပ်စက်ခံရသူ နိုင်ငံရေးအကျဉ်းသား အမျိုးသား ၁၆ ဦးအနက် တစ်ဦးမှာ နှိက်စက်ခံရမှုများကြောင့် သတိလစ်မေ့‌မြောနေပြီး နှစ်ဦးမှာ သေဆုံးပြီဟု သတင်းများ ထွက်ပေါ်နေသော်လည်းဧရာဝတီတိုင်းမ်အနေဖြင့် သီးခြားအတည်ပြုနိုင်ချင်းမရှိပေ။
“အတွင်းလူနာအဖြစ် ဒဏ်ရာအပြင်းအထန်ရတဲ့ နိုင်ကျဉ်းကို အရင်ကအမြင် မကြည်တဲ့စိတ်နဲ့ သစ်သားတုတ်နဲ့ မဲရိုက်တာဖြစ်ပြီး ကနေ့အထိ ကို သတိပြန်မလည် လာသေးဘူးလို့သိရတယ်။ တိုက်ပိတ်ခံရတဲ့အကျဉ်းသူတွေကတော့ ကျွန်တော်သိ ရသလောက် ၁၈ ဦးရှိတယ်” ဟု သာယာဝတီ(ပကဖ)တာဝန်ရှိသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
နှိက်စက်ခံရမှုကြောင့် ဒဏ်ရာရရှိကာ တိုက်ပိတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူများမှာ နိုင်ငံရေးပုဒ်မအသီးသီးဖြင့် ထောင်ဒဏ် ၃ နှစ်မှနေ၍ ထောင်ဒဏ် တစ်သက်တစ်ကျွန်း အထိ ချမှတ်ခံထားရသူများဖြစ်ပြီး ၎င်းတို့မှာ မနှင်းလဲ့နန္ဒာလွင်၊ မရွှန်းအိဖြူ၊ မနီလာစိမ်း၊ မဆုရည်ပိုင်၊ မဝတ်ရည်လွင်၊ မအေးသီတာကျော်၊ မရီရီဆွေ၊ မလွင်လွင်ညွန့်၊ မစန္ဒီညွန့်ဝင်း၊ အေးသက်စံ၊ မရွှေရည်ညွှန့်၊ မယမင်းထက်၊ မထူးထက်ထက်ဝေ၊ မမျိုးသန္တာထွန်း၊ မမိုးမြတ်သဇင် တို့ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည် ဩဂုတ်လ ၁ ရက်နေ့တွင် စစ်ကောင်စီက မြန်မာနိုင်ငံရှိ အကျဉ်း ထောင်အသီးသီးမှ အကျဉ်းသား ခုနစ်ထောင်ကျော်ကို လွှတ်ပေးခဲ့ပြီး သာယာဝတီထောင်မှ လွတ်မြောက်လာသည့် အကျဉ်းသား ၂၀၀ ကျော်အနက် နိုင်ငံရေးအကျဉ်းသား ၂၉ ဦးသာပါရှိပြီး အများစုမှာ လွတ်ရက်စေ့ခါနီးသူ များသာဖြစ်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံကသိရသည်။