
နွေဦးမောင် /ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂ရက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ၊ လက်ပံတောင်းတောင်ဒေသရှိ အောင်ချမ်းစီ ကျေးရွာကို ယနေ့ ဩဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်း၍ သေနတ်ဖြင့် ရမ်းသန်းပစ်ခတ် နေကြောင်း သိရသည်။
ညောင်ပင်ကြီးရဲစခန်းတွင် အထိုင်ချ တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် အောင်ချမ်းစီရွာကို ဝင်ရောက်စီးနင်းပြီး လမ်းသွားလမ်းလာများကို ခေါ်ယူစစ်ဆေးနေကြောင်း ဒေသခံများ ထံက သိရသည်။
“ဒီမနက် အောင်ချမ်းစီရွာကို ဝင်စီးတာက ညောင်ပင်ကြီးရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေပါ။ သေနက်တွေပစ်ဖောက်ပြီးဝင်လာတာ။ လမ်းသွားလမ်းလာ တွေကိုလည်းစစ်ဆေးနေပြီး သေနတ်တွေနဲ့ရမ်းသန်းပစ်ခတ်နေတယ် ” ဟု အောင်ချမ်းစီ ကျေးရွာအနီးတွင်နေထိုင်သည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ဧရာဝတီတိုင်း မ် ကိုပြောသည်။
အောင်ချမ်းစီကျေးရွာသည် တရုတ်ဝမ်ပေါင်ကုမ္ပဏီကြေးနီတူးဖော်ရေးလုပ်ငန်းများ စတင်လုပ်ကိုင်စဥ်က ကြေးနီတူးဖော်ရေး လုပ်ငန်းနှင့် မလွတ်ကင်းသည့် ဆည်တည်းရွာ ၊ ဇီးတောကျေးရွာ စသည့်ရွာများမှ ဒေသခံများ နေထိုင်ရန်တည်ဆောက်ပေးထားသည့် ကျေးရွာသစ်တစ်ခု ဖြစ်ကြောင်းသိရသည်။
“လက်ပံတောင်းတောင် ဒေသမှာရှိတဲ့ ရွာတွေကို ဝင်စီးနေတာတော့ ခဏခဏပဲ။ ဒေသခံတွေလည်း မနေရဲကြတော့ဘူး။ မဖြစ်မနေ နေနေရတဲ့သူတွေသာ နေနေခဲ့ရတာ” ဟု ဒေသခံအမျိုးသားက ဆိုသည်။
ဓာတ်ပုံ-လက်ပံတောင်းတောင်ဒေသ
#လက်ပံတောင်းတောင်ဒေသ #အောင်ချမ်းစီကျေးရွာ #စစ်ကောင်စီတပ် #ဝင်ရောက်စီးနင်း #Ayeyarwaddy_Times