ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂ ရက်

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်ရှိ မသမံကျေးရွာနေ ဒေသခံ ၂၀ ကျော်အား တစ်လအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ကျေးရွာသို့ ဇူလိုင်လ ဒုတိယပတ်မှစတင်ကာ စစ်ကောင်စီတပ်သားနှင့်ရဲများ လာရောက်တပ်စွဲပြီးနောက်ပိုင်း ဒေသခံများကို ဆက်တိုက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများမှ ပြောသည်။

” ရွာထဲဝင်တပ်စွဲပြီးတော့ကို ဖမ်းနေတာ၊ သတင်းပေးတွေ အုပ်ချုပ်ရေးအဖွဲ့တွေကလည်း သူတို့နဲ့ နည်းနည်း အဆင်မပြေရင် ဒီကောင်က ထောက်ပို့ဆိုပြီးတော့ ပြလိုက်ရင် အဖမ်းခံရတာပဲ၊ ခုက ဂျပန်ခေတ်ပြန်ရောက်နေသလိုပါပဲ”ဟု ဒေသခံတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ဖမ်းဆီးခံရသူအများစုမှာ လူငယ်အမျိုးသားများ ဖြစ်ပြီး အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးနေမှုကြောင့် လူငယ်တချို့မှာလည်း တခြားကျေးရွာများတွင် ရွှေ့ပြောင်းနေထိုင်နေရကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

စစ်ကောင်စီတပ်က ဓနုဖြူမြို့နယ်အတွင်းရှိကျေးရွာများတွင် ည ၈ နာရီကျော်မထွက်ရအမိန့်ထုတ်ပြန်ထားပြီး အချိန်ကျော်ထွက်သူများကိုလည်း ဖမ်းဆီး ငွေတောင်းမှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

#ဓနုဖြူမြို့နယ် #စစ်ကောင်စီတပ် #ဒေသခံများအားဖမ်းဆီး #Ayeyarwaddy_Times

See less