ဧရာဝတီတိုင်းမ်
ဩဂုတ် ၁ ရက်
တော်လှန်ရေးအင်အားစုများအားလုံး၏ ဘုံသဘောတူညီချက်ဖြစ်သော စစ်အာဏာရှင် စနစ် အပြီးတိုင် အမြစ်ဖြတ်တိုက်ပွဲဖြစ်သဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမည်ကိုသုံးကာရပ်တန့်၍ ရမည်မဟုတ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ဆိုသည်။
ယနေ့ဩဂုတ်လ ၁ ရက်နေ့တွင် ကျင်းပသည့် NUG ၏ (၂၆) ကြိမ်မြောက် အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြား ခြင်းဖြစ်သည်။
” စစ်ကောင်စီဟာ အခုဆိုရင် လမ်းဟောင်းကြီးအတိုင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ နာမည်ကို အသုံးချပြီး တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်အောင် လုပ်ဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် အကြမ်းဖက်စစ်ကောင်စီ သိဖို့က ဒီတော်လှန်ရေးဟာ နှစ်ပေါင်းများစွာ တနိုင်ငံလုံးကို နည်းမျိုးစုံနဲ့ ဒုက္ခပေးခဲ့တဲ့ စစ်အာဏာရှင်တွေကို အပြီးတိုင် အမြစ်ဖြတ်ဖို့ တော်လှန်ရေးအင်အားစုတွေ အားလုံးက တညီတညာတည်း ဘုံရည်မှန်းချက်ထားပြီး တိုက်ပွဲဝင်နေကြတဲ့တော်လှန်ရေးဖြစ်တယ်” ဟု ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်။
စစ်ကောင်စီဘက်က မည်သည့်နည်းလမ်းများမဆို သုံးစေကာမူ တော်လှန်ရေး အင်အားစု များက ခိုင်မာသည့် သိန္နိဌာန်များဖြင့် ခရီးအဆုံးထိဆက်လက် ချီတက်မည့် တော်လှန်ရေးဖြစ်ပြီး ညီညီညွတ်ညွတ် ရှေ့ဆက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဆိုသည်။
လက်ရှိတော်လှန်ရေးကာလ နှစ်နှစ်အတွင်း အရှိန်ပြင်းပြင်းနှင့် ဆက်လက်ချီတက်နေပြီး အောင်မြင်မှု လမ်းစများကို တွေ့မြင်နေရပြီဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
“တော်လှန်ရေးအင်အားစု အသီးသီးရဲ့ ခေါင်းဆောင်တွေကလည်း ဖက်ဒရယ် ဒီမိုကရေစီ ချာတာအရ ရှေ့ဆက်ရမယ့် လုပ်ငန်းစဉ်တွေကို ပူးပေါင်းလုပ်ဆောင်နိုင်ကြဖို့ အရေး တကြီး လိုအပ်နေသလို မြေပြင်မှာ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးကဏ္ဍ ဆောင်ရွက်နေကြတဲ့ တော်လှန်ရေး အင်အားစုတွေ အချင်းချင်း ညှိနှိုင်း တိုင်ပင်ဖို့လိုတယ်” ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။
ထို့ပြင် ဖက်ဒရယ် ဒီမိုကရေစီချာတာအရ ရှေ့ဆက်သွားရမည့် လုပ်ငန်းစဉ်များကို တော်လှန်ရေးအင်အားစု အသီးသီး၏ ခေါင်းဆောင်များနှင့် ပူးပေါင်း လုပ်ဆောင်ရန် အရေးကြီးကြောင်းလည်း ၎င်း က ဆက်လက်ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဥက္ကဌလည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်က မတရားဖမ်းဆီးခံရချိန်တွင် ပြည်သူလူ ထုကိုသာအခြေခံပြီး ပြည်သူလူထု၏ဆန္ဒသဘောထားများကို မည်သည့်အခါမှ ဆန့်ကျင် မည်မဟုတ်ကြောင်း ၎င်း၏ သဘောထားကို ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည်။
စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတဦးဝင်းမြင့်တို့ကို မတရားစွဲဆိုခံထားသည့် အမှုများထဲမှ တချို့အမှုများကို လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ယနေ့ ဩဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – NUG
#NUG #ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း #ဒေါ်အောင်ဆန်းစုကြည် #တော်လှန်ရေးရပ်တန့်မည်မဟုတ် #Ayeyarwaddy_Times