
ဧရာ၀တီတိုင်းမ်
ဩဂုတ်လ ၂ ရက်
စစ်ကောင်စီတပ်မှ ဗိုလ်လောင်းသင်တန်းသားခေါ်ယူရာတွင် တက်ရောက်မည့်သူ မရှိသလောက် လျှောက်ထားသူနည်းပါးနေခြင်းကြောင့် သင်တန်းသား ခေါ်ယူမှုကာလကို ထပ်မံတိုးမြှင့် ခေါ်ယူနေရကြောင်း သိရသည်။
စစ်တက္ကသိုလ်(DSA)၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ ဆေးတက္ကသိုလ်နှင့် တပ်မတော် ဆေးတက္ကသိုလ်အမျိုးသမီး ဗိုလ်လောင်းလျှောက်လွှာများ ထုတ်ယူ၊ တင်သွင်းခြင်းရက်ကို ဇူလိုင် ၃၁ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမည်ဟု ထုတ်ပြန်ထားသော်လည်း လျှောက်ထားသူမရှိသဖြင့် ဩဂုတ်လ ၁၂ ရက်နေ့အထိ ရက်တိုးမြှင့်၍ ထပ်မံ ခေါ်ယူနေခြင်းဖြစ်သည်။
“တက္ကသိုလ်၀င်တန်း စာမေးပွဲရဲ့ အောင်စာရင်းရလဒ် အဖြေထွက်ပြီးချိန်ကစပြီး သင်တန်းသားခေါ်ယူတာပေါ့။ နောက်ဆုံးဖောင်ပိတ်ရက် ရောက်နေပေမယ့် တက်ရောက် တဲ့သူက ရာခိုင်နှုန်းမပြည့်လို့ ရက်ထပ်တိုးပြီး ခေါ်နေရတဲ့အနေအထားဖြစ်နေတယ်”ဟု ဗိုလ်ရွေးအဖွဲ့နှင့် နီးစပ်သူက ဧရာ၀တီတိုင်းမ်ကို ပြော သည်။
ရက်ထပ်မံတိုးမြှင့်ပေးထားသည့် လျှောက်လွှာများကို နီးစပ်ရာတိုင်းစစ်ဌာနချုပ်များတွင် ဆက်လက်ထုတ်ယူ၊ တင်သွင်းခြင်းများ ဆောင်ရွက်နိုင်ကြောင်း စစ်ကောင်စီ၏ စစ်ရာထူးခန့်ချုပ်ရုံးက အသိပေးထားသည်။
စစ်ကောင်စီတပ် အာဏာသိမ်းပြီးကတည်းက ဗိုလ်လောင်း၀င်ရောက် လျှောက်ထား သူမှာ သိသိသာသာ လျော့ကျသွားပြီး အရပ်သား ၀င်ရောက်လျှောက်ထားသူ မရှိတော့သည့် ဗိုလ်လောင်းသင်တန်းကို မြို့နယ် ပညာရေးမှူးရုံးများမှ တစ်ဆင့်လည်း ခေါ်ယူနေရ ကြောင်း သိ ရသည်။
၀င်ရောက်သူ နည်းပါးနေသည့်အတွက် စစ်ကောင်စီမှ ဗိုလ်လောင်းခေါ်ယူနေဆဲ ကာလတွင် စစ်တပ်တွင် ၀င်ရောက်တာ၀န်ထမ်းဆောင်ရန် လစားခံစားခွင့်နှင့် လုပ်ကိုင် ရမည့်ရာထူးနေရာများကို တစ်ဖက်လှည့်ရေးသားကာ လစ်လပ်ရာထူးနေရာအတွက် ၀န်ထမ်းဦး ရေရာချီ၍ခေါ်ယူမှုများလည်း ပြုလုပ်ခဲ့သည်။
ယခုနှစ်သည် စစ်တက္ကသိုလ်(DSA)အပတ်စဉ် ၆၉ သို့ရောက်ရှိနေပြီဖြစ်ပြီး တပ်မတော်နည်း ပညာတက္ကသိုလ် (DSTA) အပတ်စဉ် ၃၀ အတွက် ခေါ်ယူလျက်ရှိကာ ယခင်နှစ်က လာရောက်လျှောက်ထားသူ ဦးရေမှာ ၁၀၀ ၀န်းကျင်ပင်မရှိကြောင်း တပ်တွင်းသတင်းရင်း မြစ်ထံက သိရသည်။
ဓာတ်ပုံ- စစ်တက္ကသိုလ်(DSA)သတင်းတန်းဆင်းပုံဟောင်း
#စစ်တက္ကသိုလ်ဗိုလ်လောင်း #လျှောက်ထားသူနည်းပါး #လျှောက်လွှာခေါ်ယူရက် #တိုးမြှင့် #စစ်ကောင်စီ #Ayeyarwaddy_Times