နွေဦးမောင် /ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁ရက်
ကရင်ပြည်နယ်၊ ဘားအံမြို့ သံလွင်တံတားရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ယမန်နေ့ ဇူလိုင် ၃၁ ရက်နေ့က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ထိုသို့တိုက်ခိုက်ရာတွင် မောင်းသူမပါဘဲ ကားပေါ်တွင်မိုင်းများအပြည့်ထောင်၍ ချိန်သားကိုက် ဖောက်ခွဲမှု စနစ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သည့်အသိုင်းဝိုင်းမှ သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ယမန်နေ့ နံနက် ၆ နာရီ ကျော်ခန့်တွင် HPA PN. GUERLLA FORCE – HGF မြို့ပြစစ်ဆင်ရေးအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စနစ်တကျ စီစဥ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကားတစ်စီးလုံးထဲမှာ ဖောက်ခွဲရေး ကိရိယာတပ်ဆင်ထားတဲ့ ကားမိုင်းထည့်ပြီး ကားစီယာတိုင်ကို လိုသလို ကြိုးချီထားတာ။ မောင်းသူမပါပဲ လမ်းကြောင်းကို တည့်မတ် လွှတ်ပေးထားပြီး ဖောက်ခွဲ့ခဲ့တာ” ဟု တော်လှန်ရေး တပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဖောက်ခွဲခံရသည့် သံလွင်တံတားဂိတ်သည် စစ်ကောင်စီကို ဝင်ငွေရှာပေးနေသည့် ဂိတ်ဖြစ်ပြီး စစ်ကောင်စီတပ် ၊ ရဲနှင့် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း စစ်ဆေးသည့် ဂိတ်ဖြစ်ကြောင်းသိရသည်။
သံလွင်တံတားဂိတ်သည် ရန်ကုန်-ဘားအံ ကားလမ်း တလျောက်တွင် အစစ်ဆေးကြမ်းပြီး ငွေကြေးတောင်းယူမှုအများဆုံးဂိတ်ဖြစ်ကာ ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ် နှင့် လက်အောက်ခံ ရဲများ၊ အရပ်သားဝန်ထမ်းများ သေဆုံး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိနိုင်သော်လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမပြုဘဲ ဖုံးဖိ ထားကြောင်း ဒေသခံများထံက သိရသည်။
ပုံစာ-ပေါက်ကွဲမှုဖြစ်ပွားစဉ်
#ကရင်ပြည်နယ် #ဘားအံမြို့ #သံလွင်တံတားဂိတ် #တိုက်ခိုက်မှု #မောင်းသူမပါ သည့်ကား #HPAPN.GUERLLAFORCE #Ayeyarwaddy_Times