ဧရာ၀တီတိုင်းမ်
ဩဂုတ်လ ၁ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းဖမ်းဆီးအကျဉ်းချထားသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အပေါ် ထောင်ဒဏ်ချမှတ်ကာ စွဲဆိုထားသည့် အမှုများအနက် အမှုတချို့ကို လွတ်ငြိမ်းခွင့်ပြုကြောင်း ယနေ့ သြဂုတ်လ ၁ ရက် နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။
စစ်ကောင်စီ ဥက္ကဋ္ဌက ဒေါ်အောင်ဆန်းစုကြည်အပေါ် သက်ဆိုင်ရာတရားရုံးများက ချမှတ်ထားသည့် ရာဇဝတ်မှုကြီးအမှတ် ၃၅/၂၀၂၁၊ ၃၇/၂၀၂၁၊ ၃၈/၂၀၂၁၊ ၄၅/၂၀၂၁ နှင့် ၇၁/၂၀၂၁ အမှုတို့ဖြင့် ပြစ်ဒဏ်စီရင်ပြီး ပြစ်ဒဏ်ကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များအား လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း ၎င်းတို့၏ဝါဒဖြန့် မီဒီယာများမှတဆင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် သမ္မတ ဦးဝင်းမြင့်အပေါ်ချမှတ်ထားသည့် ပြစ်ဒဏ်များအနက် ရာဇဝတ်မှုကြီးအမှတ် ၃၅/၂၀၂၁၊ ၃၆/၂၀၂၁ တို့ဖြင့် ပြစ်ဒဏ်ချမှတ်ထားသည့်အမှုများမှ ကျခံရန်ကျန်ရှိနေသည့်ပြစ်ဒဏ်များကိုလည်း လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီ၏ယနေ့ထုတ်ပြန်ချက်အရ ဒေါ်အောင်ဆန်းစုကြည်အပေါ်ချမှတ်ထားသည့် အမှု ၅ မှုနှင့် သမ္မတ ဦးဝင်းမြင့်အပေါ် ချမှတ်ထားသည့် အမှု ၂ မှုတို့ကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးအပ်ခြင်းဖြစ်သည်။
#ဒေါ်အောင်ဆန်းစုကြည် #ဦးဝင်းမြင့် #အမှုတချို့လွတ်ငြိမ်း #Ayeyarwaddy_Times