ဧရာ၀တီတိုင်းမ်
ဩဂုတ်လ ၁ ရက်
အာဏာသိမ်းစစ်ကောင်စီက မာရဝိဇရဘုရားပြီးစီးခြင်းနှင့် ဆင်ဖြူတော်မွေးနေ့ ၁ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် ကျပ် ၂ သောင်းတန်ငွေစက္ကူသစ်ဂယက်ကြောင့် မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေပြီး ထိုင်းငွေ ၁ ဘတ်လျှင် မြန်မာငွေ ၉၅ ကျပ်အထိ ရောက်ရှိနေကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်အထိ ထိုင်းငွေ ၁ ဘတ်လျှင် မြန်မာငွေ ၈၅ ကျပ်နှုန်း ပေါက်စျေးရှိခဲ့သော်လည်း ကျပ် ၂ သောင်းတန် ထုတ်ဝေမည့်သတင်းကြောင့် ဇူလိုင်လနောက်ဆုံးပတ်အတွင်း မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းခဲ့ခြင်းဖြစ်သည်။
“မြန်မာငွေစျေးက နဂိုကမှ တအိအိကျနေတာ။ အဲ့ဒါကို စစ်ကောင်စီက ကျပ် ၂ သောင်းတန်ထုတ်မယ်ဆိုပြီး ကြေညာလိုက်ရော တခါတည်း မြန်မာငွေစျေးတွေ ပြုတ်ကျသွားတာ။ အခုထိကို ပြန်တက်မလာသေးဘူး။ မြန်မာငွေ ၁ သိန်းကို ထိုင်းဘတ် ၁၀၄၅ ဘတ်နှုန်းနဲ့ပဲ အရောင်းအဝယ်လုပ်နေကြတယ်”ဟု ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် နေထိုင်သည့် ထိုင်း-မြန်မာငွေလဲလုပ်ငန်းရှင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်တပ်က မြန်မာနိုင်ငံကို အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ထိုင်းငွေ ၁ ဘတ်လျှင် မြန်မာငွေ ၄၅ ကျပ်သာရှိခဲ့သော်လည်း အာဏာသိမ်းမှု ၂ နှစ်ခွဲအချိန်ကာလတွင်း ထိုင်းငွေ ၁ ဘတ်လျှင် မြန်မာငွေ ၉၅ ကျပ်အထိ တန်ဖိုးကျဆင်းခဲ့ခြင်း ဖြစ်သည်။
၂၀၂၁ ခုနှစ်က မြန်မာကျပ်ငွေ ၁ သိန်းလဲလှယ်လျှင် ထိုင်းဘတ်ငွေ ၂၂၀၀ ဝန်းကျင် ရရှိခဲ့ပြီး လက်ရှိတွင် မြန်မာကျပ်ငွေ ၁ သိန်းလဲလှယ်လျှင် ထိုင်းဘတ်ငွေ ၁၀၄၅ ဘတ်သာ ရရှိမည်ဖြစ်သည်။ စစ်တပ်အုပ်ချုပ်ပြီးနောက် မြန်မာငွေတန်ဖိုးမှာ ရာခိုင်နှုန်းအားဖြင့် ထက်ဝက်ကျော် ကျဆင်းခဲ့ခြင်းဖြစ်သည်။
မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေမှုကြောင့် ကုန်သည်အများစုမှာ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ကုန်စည်တင်သွင်းမှု လုပ်ငန်းတချို့ကို ဆက်မလုပ်ဘဲ ယာယီရပ်တန့်ထားကြောင်း သိရသည်။
“ကုန်သည်တွေက ထိုင်းဘက်ကနေ မြန်မာဘက်ကို ကုန်စည်တင်သွင်းတာတွေ ဆက်မလုပ်ဘဲ ရပ်ထားကြတယ်။ ဘာလို့ဆိုတော့ မြန်မာငွေစျေးကျနေတော့ မြန်မာကုန်သည်တွေဘက်က နစ်နာတယ်လေ။ ငွေစျေးများ ပြန်တက် မလားဆိုပြီး စောင့်ကြည့်နေကြတာ။ ဒီနှုန်းကနေ ပြန်တက်မလာဘူးဆိုရင်တော့ မြန်မာပြည်တွင်းထဲမှာတော့ ကုန်ပစ္စည်းစျေးနှုန်းတွေ ထပ်တက်ဦးမယ်ထင်တယ်”ဟု ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ မြန်မာကုန်သည်တစ်ဦးက ပြောသည်။
တိုင်းပြည်စီးပွားရေးကျဆင်းနေချိန်တွင် ကျပ် ၂ သောင်းတန်အသစ် ထုတ်ဝေမှုမှာ စစ်ကောင်စီ၏ အဆင်ခြင်မဲ့သော လုပ်ရပ်ဟု စီးပွားရေးပညာရှင်များက ဝေဖန်နေကြသည်။
လက်ရှိတွင် ကျပ် ၂ သောင်းတန်ထုတ်ဝေမှုအကျိုးဆက်အရ အခြေခံစားသောက်ကုန်စျေးနှုန်းများ ပိုမိုမြင့်တက်နေပြီး ဒေါ်လာစျေး၊ ရွှေစျေး၊ အိမ်ခြံမြေစျေးနှင့် ကားစျေးကွက်များလည်း ဆက်လက်မြင့်တက် နေကြောင်း စျေးကွက်သတင်းများအရ သိရသည်။
#ထိုင်းဘတ် #မြန်မာကျပ် #ငွေလဲနှုန်း #နယ်စပ်ကုန်သွယ်ရေး #Ayeyarwaddy_Times