ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဇူလိုင်လ ၃၁ ရက်
ချ
င်းပြည်နယ်၊ မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်၊ သစ်တောဝိုင်းအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများပါသော ကင်းလှည့်ယာဉ်တစ်စီးကို ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)က ယမန်နေ့၊ ညနေ ၄ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် တိုက်ခိုက်ခဲ့ပြီး ၎င်းကင်းလှည့်ယာဉ်တွင် လိုက်ပါလာသော ခရိုင်ရဲမှူးပြင်းထန်စွာ ဒဏ်ရာရရှိ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။
မင်းတပ်မြို့၊ အနောက်ရပ်ကွက်၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းရှိ ဘာသာရေးခေါင်းဆောင်အပါအဝင် သင်းထောက် သုံးဦးကို စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့တွင် အကြမ်းဖက်မတရား ဖမ်းဆီးသတ်ဖြတ်မှုနှင့်ပတ်သက်၍ ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းချင်းကာကွယ်ရေး တပ်ဖွဲ့(မင်းတပ်)ထံမှ သိရသည်။
“နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ခရိုင်ရဲမှူးအောင်မြတ်သူက မျက်လုံးနဲ့ ပါးတခြမ်းပြင်းထန်စွာ ဒဏ်ရာရရှိပြီး လက်ရှိ မင်းတပ်ဆေးရုံမှာ ဆေးကုသနေတယ်။ ယာဉ်တစ်စီးလည်း ပျက်စီးသွားတယ်။ ရဲမှူးအခြေအနေကို ဆေးရုံမှာ လာရောက်မေးမြန်းတဲ့ စစ်ကောင်စီအရာရှိရဲ့ လုံခြုံရေးကလည်း အင်အား ၁၀၀ နီးပါးရှိမယ်။ မြို့တွင်းတောင် ကြောက်လို့ အင်အားအလုံးအရင်းနဲ့ပဲ သွားလာတာတွေရှိတယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)၊ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဌာန တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင်ကင်းလှည့်ယာဉ်တိုက်ခိုက်ခံရသော နေရာတစ်ဝိုက်အနီးရှိ ပြည်သူများကို ဖမ်းဆီးစစ်ဆေးခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်း၊ သိမ်းယူခြင်း၊ ခိုးယူခြင်းတို့ကို စစ်ကောင်စီတပ်က ပြုလုပ်ကျူးလွန်လာနိုင်ပြီး ဒေသခံများအနေဖြင့် အထူးသတိထားကြရန်နှင့် အချိန်နှင့်တပြေးညီ ကြိုတင် ပုန်းရှောင်ခြင်းများပြုလုပ်သင့်ကြောင်းအသိပေးပြောဆိုသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) ၏ ပြောက်ကြားတပ်ဖွဲ့က ကင်းလှည့်ယာဉ်ကို သွားရောက်တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး အရပ်သားများနေထိုင်သည့် ကျေးရွာဘက်သို့ စစ်ကောင်စီတပ်က လေကြောင်းအပါအဝင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်လာခဲ့ကြောင်းသိရသည်။
“ကင်းလှည့်ယာဉ်တို့ လုံခြုံရေးယာဉ်တွေကို တိုက်ရတာဆိုတော့ အချိန်ယူပြီး စောင့်ဆိုင်းတိုက်ခိုက်ရတော့ စိတ်ရှည်ရတယ်။ ပိုပြီးတော့ ပင်ပန်းတယ်။ ပြည်သူတွေ၊ လူနေအိမ်တွေ မထိခိုက်အောင် အရမ်းသတိထားရတယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၊ သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းဌာန၊ တာဝန်ခံက ဆက်လက်ပြောဆိုသည်။
အလားတူ ယမန်နေ့၊ ဇူလိုင် ၃၀ ရက်နေ့နံနက် ကလည်းမင်းတပ်မြို့၊ ခလရ ၂၇၄ တပ်ရင်း အနီးရှိ အမြောက်တပ်၊ လက်နက်ကြီးအထိုင်စခန်းငယ်ကိုလည်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)က သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကာ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) ဘက်က တပ်ဖွဲ့ဝင် နှစ်ဦး(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
မင်းတပ်မြို့တွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူများ၏ နေအိမ်များကို ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်ထဲရှိ ဒေသခံအမျိုးသမီးတစ်ဦး ခြေထောက်တွင် ကျည်ဆံထိမှန်၍ မစိုးရိမ်ရဒဏ်ရာရရှိခဲ့သည်။
#မင်းတပ်မြို့ #ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ် #စစ်ကောင်စီယာဉ်တိုက်ခိုက်ခံရ #ခရိုင်ရဲမှူးဒဏ်ရာပြင်းထန်ရ #စစ်ကောင်စစီ၇ဦးသေဆုံး #Ayeyarwaddy_Times