ဧရာဝတီတိုင်းမ်
(တောင်ငူ)၊သြဂုတ်လ ၁ ရက်
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ တောင်ငူအကျဉ်းထောင်မှ နှစ်ရှည်ပြစ်ဒဏ်များချမှတ်ခံထား ရသည့် နိုင်ငံရေးအကျဉ်းသား ၃၀ ကျော်ကို ဇူလိုင်လ ၂၈ ရက်နေ့ညက ကျိုက်စကော ထောင်နှင့် သာယာဝတီထောင်များကို ပြောင်းရွှေ့ခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
တောင်ငူအကျဉ်းထောင်မှ နိုင်ငံရေးပုဒ်မများ၊ အကြမ်းဖက်ပုဒ်မများအပြင် PDFများနှင့် ဆက်သွယ်သည်ဟု စွပ်စွဲခံထားရပြီး နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် နိုင်ငံရေး အကျဉ်းသား ၃၀ ကျော်အား မိသားစုများထံအကြောင်းကြားခြင်းမရှိဘဲ ညဘက်တွင် ရုတ်တရက်အရေးပေါ် ပြောင်းရွှေ့သွားသည့်အတွက် စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။
“နာမည်ထွက်နေတဲ့ ကျိုက်စကောထောင်နဲ့ သာယာဝတီထောင်ကို နိုင်ငံရေး အကျဉ်းသားတွေကိုပို့တာနဲ့ပတ်သက်ပြီး အရမ်းကိုစိတ်ပူရတယ်။ ရှေ့မှာလဲ ကျိုက်စကော ထောင်ကနေပြောင်းရွှေ့တယ်ဆိုပြီး သတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရှိထားတော့ အခုပြောင်းရွှေ့တဲ့အထဲ မိသားစုဝင်တွေ ပါသွားမှာ ကိုစိတ်ပူနေရတယ်” ဟု တောင်ငူအကျဉ်းထောင်တွင် ထောင်ကျနေသည့် နိုင်ငံရေး အကျဉ်းသားမိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့က ကျိုက်စကောထောင်မှ နိုင်ငံရေး အကျဉ်းသားများကို သာယာဝတီထောင်သို့ ထောင်ပြောင်းသည်ဟုဆိုကာ လမ်းတွင်သတ်ဖြတ်ခဲ့ပြီး မိသားစု ဝင်များကို သေဆုံးကြောင်းအတည်ပြုစာများသာပို့ခဲ့သည့်အပြင် ကျိုက်စကော ထောင်မှ အကျဉ်းသားများကိုခေါ်ထုတ်ကာ ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်နေသည့် သတင်းများ ကြောင့် နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များက စိုးရိမ်ပူပန်နေခြင်းဖြစ်ကြောင်း သိရသည်။
“သာယာဝတီထောင်ကတော့ ထောင်သင်္ချိုင်းဆိုပြီးနံမည်ကြီးနေတယ်။ ရှိသမျှ ထောင်တွေကနေ နောက်ဆုံးပိတ်သာယာဝတီထောင်ထဲကိုပဲ ပို့ကြတာ။ ဒီရက်ပိုင်း မှာတော့ အကျဉ်းသားတစ်ချို့လွှတ်ပေးမယ် ပြောနေကြတယ်။ ထောင်ထဲမှာလည်း နှိပ်စက်ညှင်းပန်းတာတွေရှိတယ်ဆိုတာကြားရတယ်။ တောင်ငူထောင်ကနိုင်ကျဉ်းတွေ ရောက်လာ မရောက်လာတော့ မသိသေးဘူး” ဟု သာယာဝတီမြို့ခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည် မေလ ၁၈ ရက်နေ့က တောင်ငူကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ၉ ဦးလက်နက်များလုယူ ထွက်ပြေးလွတ်မြောက်သွားသည့်ဖြစ်စဉ်ကြောင့် ထောင်ပိုင် ဦးကြည်ဦး၊ ထောင်မှူး ဦးသန်းထွန်းနှင့် ဦးထွန်းထွန်းဦး အပါအဝင် အကျဉ်းဦးစီးဌာနမှ သက်ဆိုင်ရာဝန်ထမ်းအသီးသီးကို ထောင်ချထားကြောင်း အကျဉ်း ထောင်နှင့်နီးစပ်သူများထံက သိရသည်။
ဓာတ်ပုံ – တောင်ငူအကျဉ်းထောင်
#တောင်ငူထောင် #ကျိုက်စကောထောင် #သာယာဝတီထောင် #နိုင်ငံရေးအကျဉ်းသား #ထောင်ပြောင်းရွှေ့ #စစ်ကောင်စီ #Ayeyarwaddy_Times