ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃၁ ရက်

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့တွင် ဇူလိုင်လနောက်ဆုံးပတ်အတွင်း စစ်ကောင်စီလက်အောက်ခံ မြို့နယ်လျှပ်စစ်ဌာနမှ မြို့အတွင်းရှိနေအိမ်များထံ လျှပ်စစ်မီတာခလိုက်လံကောက်ခံနေကြောင်းဒေသခံများထံမှ သိရသည်။

အကြောင်းအမျိုးမျိုးကြောင့် မီတာခ မပေးဆောင်နိုင်သူရာချီကို မီးဖြတ်တောက်ကာ ငွေတစ်သိန်းထက်မနည်းဒဏ်ကြေးပေးဆောင်ခိုင်းနေကြောင်းမြို့ခံများမှ ပြောသည်။

“မ​နေ့မနက်ပိုင်းမှာမြို့ထဲကအိမ်တွေကို EPC ဝန်ထမ်းတွေကောရဲတွေစစ်တပ်တွေပါဆင်းလာပြီးမီတာခလိုက်ဆောင်ခိုင်းနေတာ။ အိမ်မှာကဘာမှလျှပ်စစ်မီးမသုံးပဲနဲ့ ၃သောင်းဆောင်ခိုင်းတယ်။မီတာခတွေကိုစိတ်မှန်းနဲ့တွက်ပြီးဆောင်ခိုင်းနေတာလားမသိဘူး” ဟု မြို့ခံတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

မြို့နယ်လျှပ်စစ်စာရေးဝန်ထမ်းအချို့မှ စစ်​ကောင်စီတပ်နှင့်ရဲအဖွဲ့၏လုံခြုံရေးရယူကာမြို့တွင်းရှိနေအိမ်များထံလိုက်လံပြီး မတန်တဆကောက်ခံကာ ငွေကိုဖိအား‌ပေးတောင်းခံနေခြင်းဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။

ထို့အပြင် လျှပ်စစ်မီတာချက်ခြင်း မဆောင်နိုင်သည့် နေအိမ်များအား လျှပ်စစ်မီတာကြိုးဖြုတ်မှုအပြင် တအိမ်လျှင် ငွေ ၁ သိန်းကျပ်အဖြစ် အိမ်​ခြေ ၇၀၀ ကျော်ထက်မနည်းကို ဒဏ်ကြေးပေးဆောင်စေခိုင်းခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုမှုများအရသိရသည်။

#ငါးသိုင်းချောင်းမြို့ #လျှပ်စစ်မီတာခ #ဒဏ်ကြေးတစ်သိန်း #စစ်ကောင်စီတပ် #EPC #Ayeyarwaddy_Times