ဇူလိုင် ၃၁ ရက်
ဧရာဝတီတိုင်းမ်
ချင်းပြည်နယ် (မြောက်ပိုင်း) တွန်းဇံမြို့နယ်နှင့် အနီးတဝိုက်ရှိ တုံးတွောင်ရွာ၊ တွီးတွမ်းရွာဒေသခံပြည်သူ ၅၀၀၀ခန့်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်ဖွဲ့များရဲ့ စစ်ရေးတင်းမာမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရှောင် အကူညီပေးသူများနှင့် ဒေသခံများထံက သိရသည်။
ဒေသခံကာကွယ်ရေးတပ် ချင်းကာကွယ်ရေး တပ်ဖွဲ့-တွန်းဇံ (CDF-Tonzang) သည် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ CDM ပြုလုပ်ရန် သတိပေးစာများ ထပ်မံဝေငှပြီးနောက် ဇူလိုင် ၂၆ ရက်နေ့မှ စတင်၍ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေခြင်းဖြစ်ကြောင်း သိရသည်။
“ဒေသခံကာကွယ်ရေးတပ် CDF-Tonzang က စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေ အာဏာဖီဆန် (CDM) ကြဖို့ သတိပေးစာတွေ ပေးတယ်။ သူတို့ဖွင့်တဲ့ ရုံးနဲ့ နီးစပ်ရာတဲ့ အိမ်တွေမှာလည်း စာ ဝေတာတွေ လုပ်တယ်။ အချို့ရဲတွေ ထွက်ပြေးကြသူတွေရှိတယ်။ အချို့တွေလည်း အပြင်ထွက်ခွင့် မရှိတာနဲ့ မထွက်နိုင်တဲ့ သူတွေလည်း ကျန်သေးတယ်ပေါ့နော်။ သူတို့ သတ်မှတ်တဲ့ ရက်ကလည်း ကျော်နေပြီဖြစ်တဲ့အတွက် ဒီလို လုပ်တာဖြစ်မယ်” ဟု ဒေသခံက တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့က ချင်းပြည်နယ်၊ သိုင်းငင်းရွာတိုက်ပွဲတွင် စစ်ကောင်စီ တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇူလိုင် ၁၃ ရက်နေ့တွင်လည်း စစ်ကောင်စီ တပ်စွဲထားသည့် တွန်းဇံမြို့ အထက်တန်းကျောင်းကို ချင်းကာကွယ်ရေး တပ်ဖွဲ့-တွန်းဇံက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့တွင်းတိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်၍ တွန်းဇံဒေသခံများ ထွက်ပြေးတိမ်းရှောင် နေကြခြင်း ဖြစ်ကြောင်းသိရသည်။
“လက်ရှိအခြေအနေကတော့ သေချာတော့ပြောလို့မရသေးပါဘူး။ တစ်ဖက်နဲ့တစ်ဖက် စစ်ရေးတင်းမာမှုတွေတော့ တွေ့နေရတယ်ဆိုတော့ တိုက်ပွဲဖြစ်နိုင်ချေလည်းများတယ်။ ဒီနှစ်အတွင်းမှာလည်း ကျွန်တော်တို့ ခမ်းပါတ်မြို့လိုမျိုး…ပြီးတော့ တလောကလည်း သိုင်းငင်းတိုက်ပွဲတွေဖြစ်ခဲ့တာဆိုတော့ မြို့ခံပြည်သူတွေအတွက်က ပိုပြီး ထိတ်လန့်နေရ တာပေါ့လေ။ ဘာပဲဖြစ်ဖြစ် တွန်းဇံမြို့ကိုတော့ ထန်တလန်မြို့လိုမဖြစ်ဖို့ မျှော်လင့်ပါ တယ်” လို့ တွန်းဇံဒေသခံလူငယ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ဘေး တိမ်းရှောင်နေသူများသည် တီးတိန်မြို့ နှင့် ကလေးမြို့ဘက်ကို တိမ်းရှောင်ကြပြီး ကျီခါးမြို့နှင့် အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်အထိ ထွက်ပြေးတိမ်းရှောင်ကြသူ တွေလည်းရှိကြောင်းသိရသည်။
“ငွေကြေးမတတ်နိုင်တဲ့ ဒေသခံ အချို့ကတော့ တော၊ တောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြတယ်” ဟု စစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦးက ဆိုသည်။
ယခုကဲ့သို ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြသည့်အတွက် မြို့ခံများ အနေဖြင့် အထိတ်တလန့် မဖြစ်ကြရန် တွန်းဇံမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ချင်းပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် ချင်းကာကွယ်ရေးတပ်ဖွဲ့တွေနှင့် စစ်ကောင်စီတပ်ဖွဲ့များ နေရာအနှံ့ မကြာခဏတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်လျက်ရှိကြောင်း ချင်းလူ့အခွင့်ရေး လှုပ်ရှားသူတစ်ဦးက ဆိုသည်။
တွန်းဇံမြို့သည် အိမ်ခြေ ၁၀၀၀ ခန့်ရှိပြီး လူဦးရေ ၅၀၀၀ နီးပါးခန့် နေထိုင်ကာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်တို့နှင့် နယ်နိမိတ်ချင်းနီးကပ်သည့် နယ်စပ်ဒေသလည်းဖြစ်သည်။
ပုံ – တွန်းဇံမြို့၊ CJ
ပုံစာ – တွန်းဇံမြို့အဝင်နှင့် တောတောင်သို့ စစ်ဘေးရှောင်ဒေသခံများ
#ချင်းပြည်နယ် #တွန်းဇံမြို့ #စစ်ရေးတင်းမာမှုများကြောင့် #ဒေသခံများထွက်ပြေး #CDF_Tonzang #Ayeyarwaddy_Times