ဧရာ၀တီတိုင်းမ်
ဇူလိုင်လ ၃၁ ရက်
ကရင်နီပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ ၁၂၀ မမ လက်နက်ကြီးကျည်များ သိုလှောင်ထားသည့် လက်နက်ဂိုထောင်ကို သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီတပ်မတော်(KA)တပ်ကင်း ၅ က ထုတ်ပြန်ထား သည်။
တိုက်ပွဲအတွင်း၌ စစ်ကောင်စီစခန်းကို သိမ်းပိုက်ရရှိခဲ့ပြီး ၁၂၀ မမ လက်နက်ကြီးကျည်များ သိုလှောင်ထား သည့် လက်နက်ဂိုထောင်တစ်ခုကိုလည်း သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ယမန်နေ့ ဇူလိုင် ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“သိမ်းမိထားတဲ့လက်နက်တွေထဲမှာ တန်ဖိုးအရှိဆုံး စစ်ကောင်စီတပ်တွေ အကြောက်ဆုံးလက်နက်ကြီးတွေထဲက တစ်ခုဖြစ်တဲ့ ဘယ်တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းမှ သိမ်းဆည်းရရှိတာမရှိတဲ့ ၁၂၀ မမ ကျည်တွေကို သိမ်းဆည်းရမိခဲ့တာ” ဟု ထုတ်ပြန်ထားသည့် ရုပ်သံ ဗီဒီယိုတွင် ပြောဆိုထားသည်။
အဆိုပါတပ်ရင်းမှ လက်နက်ဂိုထောင်အပြင် ခစန်းတစ်ခုကိုလည်း သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပြီး တည်နေ ရာကို လုံခြုံရေးအရ ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း ယင်းအဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။
ကရင်နီပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတို့သည် ကရင်နီပြည်နယ်အတွင်းရှိ မယ်စဲ့၊ ဖားဆောင်းတို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်မှ တပ်ရင်း၊ တပ်ဖွဲ့များအင်အားတိုး ပို့ချထားပြီး အင် အားအလုံးအရင်းဖြင့် ၀င်ရောက်ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
စစ်ကောင်စီဘက်မှ လက်လွှတ်ပေးခဲ့ရသည့် မယ်စဲ့စခန်းကုန်းကို ပြန်လည်ရရှိရန် လေကြောင်းဖြင့် တိုက်ခိုက်နေကြောင်းနှင့် ရှမ်းပြည်နယ်အခြေစိုက်တပ်ရင်းများကလည်း ၀င်ရောက်ထိုးစစ်ဆင် တိုက်ခိုက်နေသော်လည်း စစ်ကောင်စီတပ်ဘက်မှ အထိနာလျက်ရှိကြောင်း ကရင်နီစစ်ရေးသတင်းရင်း မြစ်ထံမှ သိရသည်။
#ကရင်နီ KA #တပ်ရင်း၅ #၁၂၀မမ #လက်နက် ကြီး ဂိုထောင် #သိမ်းဆည်း #စခန်းသိမ်းပိုက်