ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃၁ ရက်

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက်ဟုဆိုကာ ယနေ့ ဇူလိုင်လ ၃၁ ရက် နံနက်ပိုင်းက ကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီ (ကာ/လုံ)အစည်းအဝေး ခေါ်ယူ၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ- ၄၁၉ အရဟု ဆိုကာ ၎င်းသက်တမ်းအား ထပ်မံ ခြောက် လထပ်တိုးယူခဲ့သည်။

စစ်ခေါင်းဆောင်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ- ၄၂၁(ခ) အရဟုဆိုကာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၂/၂၀၂၃)ကို ခေါ်ယူ၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ- ၄၂၅ အရ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလအား ဩဂုတ်လ ၁ ရက်မှစ၍ နောက်ထပ် ခြောက်လ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း MRTV အပါအဝင် စစ်ကောင်စီဝါဒဖြန့် မီဒီယာများတွင် ဖော်ပြခဲ့သည်။

စစ်ခေါင်းဆောင်သည့် ၎င်းဆွဲဆန့်ယူထားသည့် အရေးပေါ်ကာလ သက်တမ်းကုန်ဆုံးပြီးနောက် အကြောင်းအမျိုးမျိုးပြ၍ ခြောက်လ သက်တမ်း တိုးယူခဲ့သည်မှာ လေး ကြိမ်တိုင် ရှိခဲ့ပြီဖြစ်သည်။

စစ်ခေါင်းဆောင်သည် ၎င်း၏စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ဘက်၊ ပဲခူးတိုင်းအရှေ့ခြမ်း နှင့် တနင်္သာရီတိုင်း လေးတိုင်း နှင့် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ် သုံး ခုမှ နေရာအချို့ကို ချန်လှပ်ကာ ရွေးကောက်ပွဲ ကျင်းပနိုင်ကြောင်း ကာလုံအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် ကာလုံအစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့အပြင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လွန်ဆန်နိုင်ခြင်းမရှိသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူလည်း တက်ရောက်ခဲ့သည်။

ထို့ပြင် စစ်ကောင်စီဝင်များဖြစ်ကြသည့် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင် လင်းဒွေး၊ တွဲဖက်အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ တက်ရောက်ခဲ့သည်။

ဓာတ်ပုံ- စစ်ကောင်စီ
#အကြောင်းအမျိုးမျိုးပြ #သက်တမ်းတိုး #စစ်ခေါင်းဆောင် #ရွေးကောက်ပွဲ ကျင်းပနိုင်ရေး #သက်တမ်း၆လထပ်တိုး #Ayeyarwaddy_Times