ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဇူလိုင် ၃၁ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့၊ အနောက်ရပ်ကွက်တွင် စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားသော ခရစ်ယာန်ဘုရားကျောင်း စစ်ဘေးရှောင်စခန်းရှိ ဓမ္မအမှုတော်ဆောင် ဆရာတော်တစ်ပါးနှင့် သင်းထောက်လူကြီး သုံးဦးကို စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့တွက် အကြမ်းဖက်ဝင်ရောက် ရိုက်နှက်ဖမ်းဆီးမှုဖြစ်ပွားခဲ့သည်။
မင်းတပ်မြို့အခြေစိုက် ၂၇၄ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရက်သေစာများ သောက်စားမူးယစ်ပြီး ခရစ်ယာန်ဘုရားကျောင်း၊ စစ်ဘေးရှောင်စခန်းအတွင်းတွင် ရပ်နားထားသည့် ဆိုင်ကယ်အရေအတွက် များလွန်းသည်ဟု အကြောင်းပြကာ ဘာသာရေးခေါင်းဆောင်များကို အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
“အဲ့ဒါမြို့ပေါ်မှာ ဖြစ်တဲ့ ကိစ္စဖြစ်တယ်။ ရိုက်နှက်ခံထားရသူဆရာတော်တစ်ပါးကတော့ မသေဘူးပေါ့နော်။ ဒဏ်ရာပဲပြင်းထန်တယ်။ မင်းတပ်မြို့နယ်၊ တစ်နေရာမှာ ဆေးကုသမှု ခံယူနေတယ်။ မင်းတပ်မြို့ပေါ် ၂၇၄ တပ်ရင်းမှာ ဖမ်းဆီးခံထားရတဲ့ သင်းအုပ်ဆရာတွေ ဖမ်းဆီးထိန်းသိမ်းတာ တစ်ယောက်မှ မရှိဘူးလို့ စစ်ကောင်စီတပ်က ဗြောင်လိမ် လာတဲ့အတွက် အသတ်ခံရပြီလို့ သုံးသပ်ပြောဆိုတာဖြစ်တယ်။ ဒီဟာက ဘာသာရေး ဖိနှိပ်မှုမဟုတ်ဘူး။ စစ်ကောင်စီက ရာဇဝတ်မှုကျူးလွန်တာဖြစ်တယ်။ လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်။ သူတို့က ဘာသာတရားမရှိတဲ့သူတွေပါ”ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)၊ တာဝန်ခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
ဖမ်းဆီးခံထားရသော ဘာသာရေးခေါင်းဆောင်များ၏ မိသားစုဝင်များက စစ်ကောင်စီ တပ်ထံ ပထမအကြိမ်မေးမြန်းစုံစမ်းရာတွင် စစ်ဆေးမေးမြန်းနေကြောင်း အကြောင်း ပြန်ခဲ့ပြီး ပြီးခဲ့သည် ဇူလိုင် ၂၆ ရက်နေ့တွင် ဒုတိယအကြိမ်ထပ်မံမေးမြန်းခဲ့ရာ ဖမ်းဆီး ခံထားရသူများနှင့်ပတ်သက်၍ ဖမ်းဆီးခြင်းမရှိသလို ၎င်းတပ်ရင်းတွင် မရှိကြောင်း တုံ့ပြန်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အကြမ်းဖက်ဝင်ရောက်ဖမ်းဆီးခံထားရသည့် ဘာသာရေး ခေါင်းဆောင်များသည် စစ်ကောင်စီတပ်၏ မေးမြန်းနှိပ်စက်မှုကြောင့် အသက်သေဆုံးကြသည်ဟု ယူဆရပြီး မင်းတပ်မြို့ပေါ်ရှိ ဒေသခံများအနေဖြင့် စစ်ကောင်စီ၏ သရုပ်မှန်ကို သိရှိနားလည်၍ အမြစ်ပြတ်တော်လှန်ရေးတွင် ဆက်လက်ပူးပေါင်းပါဝင်ပေးကြရန် မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းနှိုးဆော်ထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်အတွင်းရှိ ခရစ်ယာန် ဘာသာရေးခေါင်းဆောင် စုစုပေါင်း ၁၁ ဦးအထိ သတ်ဖြတ်ခံထားရပြီး အကြောင်းမဲ့ ဖမ်းဆီးထောင်ချခံထားရသူ စုစုပေါင်း ၁၅ ဦးကျော်ရှိကြောင်း ချင်းလူ့အခွင့်အရေး အဖွဲ့အစည်း၏ မှတ်တမ်းအရ သိရသည်။
ထို့ပြင် ဘာသာရေးအဆောက်အအုံစုစုပေါင်း ၃၀ ကျော်ဖျက်ဆီးခံထားရပြီး ဘာသာရေး အဆောက်အအုံနှင့် သက်ဆိုင်သည့် အဆောက်အအုံစုစုပေါင်း ၃၀ ကျော်ကိုလည်း စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိဖျက်ဆီးခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ-မင်းတပ်မြို့တွင် သတ်ဖြတ်ခံထားရသော ဘာသာရေးခေါင်းဆောင်များ
#ချင်းပြည်နယ် #မင်းတပ်မြို့ #စစ်ကောင်စီတပ် #ဘာသာရေးခေါင်းဆောင်၃ဦး #ရိုက်နှက်သတ်ဖြတ် #သတ်ဖြတ်ခံရသူ၁၁ဦး #Ayeyarwaddy_Times